~~ မြန်မာစံတော််ချိန် မွန်းတည့် ဆယ့်နှစ်နာရီ ရှိပါပြီရှင် ~~
ရေဒီယိုမှ လွင့်ပျံ့လာသော တင်ဆက်သူ၏ စံတော်ချိန်ကြေညာသံကို ကြားသည်နှင့် အုပ်ကြီးတစ်ယောက် ခေါင်းအုံးကိုရင်ဝယ်ပိုက်ရင်း လှဲနေရာမှ ငေါက်ခနဲ ထထိုင်လိုက်သည်။ထို့နောက် မှန်ရှေ့သို့သွားကာ အုန်းဆီကို ခေါင်းမှာရွှဲနေအောင်လူးပြီး ဆံပင်ကို ဘီးဖြင့် ဘေးခွဲ,ခွဲကာ သပ်ရပ်နေအောင်ဖြီးလိုက်၏။
ပြီးသည်နှင့် မနက်အစောတည်းက မေကြီးကို သွေးခိုင်းထားသော ကျောက်ပျဉ်ပေါ်က နံသာဖြူအနှစ်များကို မျက်နှာအနှံ့ ဖုံနေအောင် လိမ်းကျံလိုက်သည်။သနပ်ခါးခြောက်အောင် ယပ်တောင်ဖြင့် တစ်ခဏတာမျှ အားပါပါခတ်ပြီး မီးပူထိုးထားသော ကော်လံကတုံးနှင့် ဘန်ကောက်ပုဆိုးကို ကျော့ကော့နေအောင် သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်သည်။
" အဟမ်း အဟမ်း... "
သူကြီးတစ်ယောက် သားတော်မောင်ကို ကြည့်ရင်း ချောင်းဟန့်လိုက်သည်။ရွာထဲမှာ ပွဲလမ်းသဘင်၊အလှူပွဲများလည်း မရှိပါပဲနဲ့ နေ့ခင်းကြောင်တောင် ဝါးလုံးခေါင်းထဲ နေသာချင်နေသော သားဖြစ်သူကို ဦးစော အနည်းငယ်တော့ မျက်စိစပါးမွေးစူးချင်နေပြီ ဖြစ်၏။သူ့လောက် ပေပေတေတေ နေတာလည်း သူပဲ။လှချင်ပြန်ပြီဆိုရင်လည်း နှစ်ယောက်မရှိ။
" မောင်မင်းကြီးသား ဒါက ဘယ်တုန်း..."
" ကျုပ် ချစ်သူလေးနဲ့ သွားချိန်းတွေ့မလို့ အဘရ "
" ဘာ...အဟားဟား ဟားဟား "
အုပ်ကြီးရဲ့ စကားကြောင့် သူကြီးမှာ ခွက်ထိုးခွက်လန်ရယ်ချလိုက်သည်။အုပ်ကြီးပြောသလို ခေါင်းပြတ်သရဲက လျှာထုတ်ပြတယ်ဆိုရင်တောင် ဖြစ်နိုင်ဦးမည်။ အုပ်ကြီးမှာ ရည်းစားရှိတယ်ဆိုတာကတော့ အဘယ်နည်းနဲ့မှ ဖြစ်နိုင်ချေမရှိနေ။
" ဖြစ်နိုင်တာလေးလည်း ပြောပါဦးလားကွာ ၊ မင်းအကြောင်းကို ရွာထဲတင်မက ရပ်နီးချုပ်စပ်က ကလေးပါမကျန် ခွေးကအစ သိတယ်။ ဘယ်သူမှတော့ မြေပွေးကို ခါးပိုက်ထဲ ထည့်ချင်မှာမဟုတ်ဘူး "
" ဟွန်း..မြေပွေးကို ခါးပိုက် ပိုက်၊မပိုက်တော့မသိဘူး၊ စပါးကြီးမြွေကို ရင်ဝယ်ပိုက်ရမှာတော့ ကျိန်းသေတယ် "
![](https://img.wattpad.com/cover/360657827-288-k439461.jpg)
YOU ARE READING
နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်
Fanfictionစကားတတ်တဲ့ ရွာသူကြီးသားနဲ့ မြို့သားလေးဆရာ၀န်တို့ရဲ့ အချစ်ဇာတ်လမ်း ~~ 🍂💕