တမာကုန်းရွာက ကျေးလက်ဆေးခန်းမှာ ဆရာ၀န်က ဆော့ဂျင်တစ်ဦးတည်းရှိသဖြင့် ဆေးခန်းကိစ္စ၊လူနာတွေရဲ့ ဝေယျာ၀စ္စမှန်သမျှကို သူတစ်ယောက်တည်း ဒိုင်ခံလုပ်နေရသည်။ထို့ကြောင့် သူကြီးနှင့်ရပ်မိရပ်ဖများတိုင်ပင်ပြီး မြို့ပေါ်က သူနာပြုတစ်ယောက်ကို ထပ်ခေါ်ကြည့်ရန် ဟိုရက်က ရွာဦးကျောင်းမှာ အစည်းအဝေးလုပ်ပြီးသည်နှင့် သူနာပြုဆရာမရောက်လာပြီးနောက်ပိုင်း ဆော့ဂျင်လည်း နည်းနည်းအားလပ်သွားရသည်။
ဆော့ဂျင် မအားမလပ်ဖြစ်ရခြင်းမှာ ဆေးခန်းမှာ လူနာ အမြဲမပြတ်ရှိနေသောကြောင့်မဟုတ်။ထိုကဲ့သို့မရှိတာကိုက ဆော့ဂျင်အတွက် ပိုအလုပ်များရသည်။အဘယ်ကြောင့်ဆိုသော် ဒီရွာမှာက ဆေးခန်းကို လန့်စရာနေရာတစ်ခုလို့ ထင်ပြီး မလာရဲကြတာဖြစ်သည်။ဆေးခန်းလာမယ့်အစား ဆေးမြီးဆေးတိုများဖြင့်သာကုပြီး လုံး၀ကို အခြေအနေဆိုးမှသာ ဆေးခန်းကိုအပြေးရောက်လာကြသည်။
ထို့ကြောင့် ဆော့ဂျင်က ရွာထဲက သက်ကြီးရွယ်အိုများရဲ့ ကျန်းမာရေးကို တအိမ်တက်တအိမ်ဆင်း အမြဲလိုက်လံစစ်ဆေးရသည်။တကယ်ဆိုရင် သူ့တာ၀န်က ဆေးခန်းမှာထိုင်ပြီး ဆေးခန်းလာတဲ့လူတွေကိုပဲ ဆေးကုပေးဖို့ရန်ဆိုပေမယ့် နှလုံးသားလှသူပီသစွာဖြင့် သိမြင်နေရတဲ့အဖြစ်တွေကို မမြင်ဟန်ဆောင်ပြီး မျက်ကွယ်မပြုထားနိုင်။ထိုသို့ဖြင့် ရွာထဲကို ကျန်းမာရေးလိုက်စစ်ဆေးလိုက်၊ဆေးခန်းကို ပြန်ပြီး ဆေးခန်းလာတဲ့လူနာတွေကြည့်လိုက်၊ လိုအပ်တဲ့ ဝေယျာ၀စ္စတွေလုပ်ရဆိုတော့ အိပ်ချိန်စားချိန်တောင်မမှန်တော့။
အခုတော့ မမျှော်လင့်ထားသည့်ကြားက သူနာပြုတစ်ယောက်က ဒီမှာ တာ၀န်ကျချင်သည်ဆိုတော့ ဆော့ဂျင်မှာ အတော်လေး၀မ်းသာသွားရသည်။ဒီနယ်ဘက်မှာ တာ၀န်ထမ်းဆောင်ချင်သည့်လူက မရှိသလောက်ကို ရှားသည်။တမာကုန်းရွာက ရေရှားတာက လွဲရင် အစားအသောက်အတွက်ကတော့ စိတ်ပူစရာမလို။အသီးအနှံများက ပေါများကြွယ်၀လှသည်။သို့သော် လမ်းပန်းဆက်သွယ်ရေးက အတော်လေးခက်ခဲသဖြင့် ဒီဘက်မှာ တာ၀န်ကျချင်သူက မရှိသလောက်ပင်။

YOU ARE READING
နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်
Fanfictionစကားတတ်တဲ့ ရွာသူကြီးသားနဲ့ မြို့သားလေးဆရာ၀န်တို့ရဲ့ အချစ်ဇာတ်လမ်း ~~ 🍂💕