“ ဝင်လေ...ထွက်လေ ”
စိတ်ထဲမှာ မှတ်တော့မှတ်နေသည်။မျက်လုံးထဲမှာ မြင်နေတာကတော့ ဒေါက်တာ့မျက်နှာ။ပုတီးတစ်လုံးကို စိပ်လိုက်ပြန်သည်။ထွက်လေကို တခေါက်မှတ်လိုက်ပြန်သည်။အမြင်အာရုံထဲတွင် ပေါ်လာပြန်ပါလေသော ဒေါက်တာ့မျက်နှာလှလှ။
“ ဟူး...”
သက်ပြင်းရှည်ကြီး ပြင်းပြင်းတချက်ဆွဲချလိုက်ပြန်၏။မနေ့ကညနေတည်းက ချလိုက်ရသည့် သက်ပြင်း။ဘယ်နှစ်ကြိမ်မြောက်လဲဆိုတာ လက်ချိုးရေလို့တောင် မရတော့။
“ ဦးဇင်းလေး ဘာတွေများ ပူပင်သောကများနေရတာတုန်းကွယ် ”
ကျောင်းထိုင်ဆရာတော်၏ အစ်ကိုဖြစ်သူ တောရဘုန်းကြီးက ဦးဇင်းတေဇာနန္ဒနားသို့ ရောက်ပြီး မေးမြန်းရှာသည်။ဘေးကနေ တွေ့နေ၊မြင်နေရတာ တကယ်စိတ်မချမ်းသာဖွယ်ရာ။ပုတီးစိပ်လိုက်၊ထိုင်နေရာကနေ ထလိုက်၊ထနေရာကနေ ပြန်ထိုင်ချလိုက်၊ကတုံးကို လက်နဲ့ပွတ်သပ်လိုက်၊သက်ပြင်းတွေချလိုက်နဲ့ စိတ်မချမ်းမြေ့ဖွယ်ကောင်းလှပါသည်။
“ တရားမှတ်လို့ မရလို့ပါ အရှင်ဘုရား ”
“ တရားမှတ်နိုင်ဖို့ဆိုတာ တရားမှတ်နေချိန်မှာ ဝင်လာနိုင်တဲ့ အနှောင့်အယှက်တွေကို အပြတ်ရှင်းထားဖို့လိုတယ်ကွဲ့။မကောင်းသောအတွေး၊မကောင်းသော ပုံရိပ်တွေက ကောင်းတာလုပ်နေချိန်ဆို ပိုပြီးကြီးစိုးတတ်တာ ဓမ္မတာပါပဲ ”
“ ကောင်းတဲ့ပုံရိပ်ပါ...”
“ ဟေ..”
“ ဘုန်းဘုန်းကြီးပြောတာ ကောင်းတယ်လို့ ပြောတာပါဘုရား ”
“ အင်း...သတိလေးနဲ့ ထိန်းချုပ်ပေါ့။စိတ် ဆိုတာ လွတ်ထွက်လွယ်လွန်းပြီး ထိန်းချုပ်ရတာကျ ခက်ခဲလွန်းတာ နားလည်ပါတယ်။ဒီလိုပဲ တဖြည်းဖြည်းကျင့်သားရအောင် လေ့ကျင့်သွားရမှာပေါ့ ”
“ တင်ပါ့ဘုရား ”
ဘုန်းဘုန်းကြီးက တရားမှတ်နိုင်ဖို့ သေချာတရားပြပေးသွားပါသော်လည်း သူ့မှာ ဒုံရင်းက ဒုံရင်းပဲဖြစ်နေတုန်းပင်။ဒါတောင် ရဟန်းဘဝသို့ရောက်တာ ၂၄ နာရီမပြည့်သေး။ဒါကို ဘယ်လိုများ ၇ ရက်တောင် ဝတ်နိုင်မတဲ့လဲ။စဉ်းစားကြည့်လို့တောင်မရ။

YOU ARE READING
နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်
Fanfictionစကားတတ်တဲ့ ရွာသူကြီးသားနဲ့ မြို့သားလေးဆရာ၀န်တို့ရဲ့ အချစ်ဇာတ်လမ်း ~~ 🍂💕