တမာကုန်းရွာတွင် တစ်နှစ်ကို တစ်ခါကျင်းပသော ထမင်းရည်ချောင်းစီး မောင်းတီးအလှူကြီးက မြိုင်မြိုင်ဆိုင်ဆိုင် ရောက်ရှိလာပြီဖြစ်သည်။မိုးလင်းတည်းက လူကြီးလူငယ် မရွေး အလုပ်နဲ့လက် ဇယ်ဆက်မပြတ်နိုင်အောင် မအားလပ်ကြပေ။
အလုပ်အကိုင် အကျွေးအမွေးအဖွဲ့ဟူပြီးလည်း သပ်သပ်စီမခွဲနေတော့။အားလုံးအတူတူ တသားတည်း တွေ့ရာအလုပ် ဝင်ဝိုင်းလုပ်လိုက်ကြတာချည်းသာ။ဒီနှစ်ကတော့ ရွာရဲ့အချစ်တော် ထိပ်ခေါင်အုပ်ကြီး ဦးပဉ္ဇင်းဝတ်မည်ဖြစ်သောကြောင့် အလှူဟာ ယခင်နှစ်များထက် ပိုမြိုင်ဆိုင်နေသယောင်။
သီးနှံတို့ပေါ်ချိန်ဖြစ်သော ရာသီဖြစ်၍ ရွာသူရွာသား အများစု ငွေရွှင်ကြသောအချိန်ဖြစ်၏။ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း စုပေါင်းအလှူပြုလုပ်ကာ ရွာနီးချုပ်စပ်များဆီသို့ပါ ခမ်းခမ်းနားနား အလှူကြီးပေးကြလေသည်။ရဟန်းခံ၊ရှင်ပြု၊နားသ အလှူမင်္ဂလာသာမက ရွာထဲက သက်ကြီးဝါကြီးများနှင့် ချို့တဲ့သူများကိုလည်း ဆန်၊ဆီ၊ဆား၊ဆေး များဖြင့် လှူဒါန်းဒါနပြုကြလေသည်။
နောက်ပြီး တမာကုန်းရွာရဲ့အလှူက အလှူအများစုနှင့် အကျွေးအမွေး ကွဲပြားသည်။အလှူပွဲသည် ဝက်သား၊ကြက်သား၊အသားဟင်းများဖြင့် ပေါပေါသီသီဧည့်ခံမှ မြိုင်ဆိုင်သည်မဟုတ်ပေ။စေတနာ၊သဒ္ဒါတရားသည်သာ အဓိကကျပေ၏။ လှူရခြင်း၏ ရည်ရွယ်ချက်သည် မည်မျှလှူနိုင်ကြောင်း ပကာသနတစ်ခုအနေနှင့် ကြွားဝါဖို့ရန်အတွက်မဟုတ်၊မိမိလှူလိုက်သော အလှူသည် တခြားလူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာရောက်၍ ထိုအလှူခံ၏ဝမ်းသာပျော်ရွှင်မှုကိုသာ ပီတိဖြာ၍ ကုသိုလ်ယူရန်ဖြစ်သည်။
ထို့ကြောင့် တမာကုန်းရွာ၏ အကျွေးအမွေးသည် ပံ့သကူအသားသာ မရလျှင် ယာထွက်သီးနှံများသော အာလူး၊ခရမ်းသီး၊ဘူးသီး၊...စသဖြင့်သာ အမယ်စုံချက်ပြုတ်၍ ဧည့်ခံပေသည်။တကူးတကကြီး သားသတ်အလုပ်ကိုမလုပ်ကြပေ။ကုသိုလ်ရချင်လို့ အလှူပေးတာကို ကုသိုလ်တပဲ ငရဲတပိဿာတော့ အဖြစ်မခံပါ။
“ ကဲ ကဲ ရှင်လောင်းလှည့်တော့မယ်၊အဆင်သင့်ဖြစ်ကြပြီလားဟေ့ ”
YOU ARE READING
နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်
Fanficစကားတတ်တဲ့ ရွာသူကြီးသားနဲ့ မြို့သားလေးဆရာ၀န်တို့ရဲ့ အချစ်ဇာတ်လမ်း ~~ 🍂💕