#Unicode"ပြန်ရောက်ပါပြီ...!"
"ပြန်ရောက်လို့တော်သေးတာပေါ့...! တစ်နေကုန်အောင်များစောင့်ရမလားလို့...။ ဈေးလေးတစ်ခါသွားဝယ်ခိုင်းလိုက်တာ ဘာတွေအဲ့လောက်တောင်ကြာနေတာလဲ...!?"
ထင်တဲ့အတိုင်း အမေက ပွစိပွစိပြောပြီး လက်ထဲကအထုပ်ကိုဆွဲယူလို့သွားသည်...။ အမေပြောနေတာတွေကို ဘာမှပြန်ပြောမနေတော့ဘဲ ဧည့်ခန်းမှာသတင်းစာထိုင်ဖတ်နေသည့် အဖေ့နားကွေးနေသော Yeontan အားကောက်ချီလိုက်သည်...။
"လာ... အခန်းထဲပြန်လိုက်ခဲ့...! ငါ မင်းကိုပြောစရာရှိတယ်...!"
လက်ထဲ Yeontan ကိုသယ်လာရင်း အခန်းထဲအရောက်မှာတော့ ကုတင်ပေါ်ထိုင်ကာ Yeontan မျက်နှာကိုလက်လေးနဲ့အသာညှစ်လိုက်ပြီး...
"ငါဒီနေ့လူတစ်ယောက်နဲ့တွေ့ခဲ့တယ်သိလား...။ သူက... အင်း... ချောတယ်...၊ ကြည့်ကောင်းတယ်...၊ အရပ်လည်းရှည်တယ်...။ ငါတို့ဘေးကရပ်ကွက်မှာနေတာ...။ သူ့ရဲ့ပုံစံက အရာအားလုံးပြည့်စုံတဲ့သူလိုမျိုး...။ အာ... ပြီးတော့... ငါ့ကိုစကားပြောတဲ့သူ့ရဲ့အသံက သိပ်ချိုသာတာပဲ...။ အဟီး..."
သူ့အကြောင်းပြောရင်း ပြုံးရယ်လိုက်မိတဲ့ ကိုယ့်နှုတ်ခမ်းပါးတွေ...။ ထိုအခါ Yeontan က သူ့နှာခေါင်းလေးနဲ့ကိုယ့်မျက်နှာအားပွတ်သပ်လို့လာသည်...။
ပြုံးရယ်နေရင်းနဲ့မှ ခေါင်းထဲအတွေးတစ်ခုရောက်လာလေတော့ ကိုယ့်မျက်နှာလေးဟာ အနည်းငယ်တည်သွားရင်း...
"မဟုတ်မှ.... ငါ သူ့ကိုသဘောကျမိသွားတာတော့မဟုတ်ဘူးမလား...။ နာမည်လည်းမသိ၊ ဘယ်သူဘယ်ဝါဆိုတာလည်းမသိဘဲ အခုမှ တစ်ခါလေးပဲ တွေ့ဖူးသေးတဲ့ သူစိမ်းတစ်ယောက်ကိုလေ..."
ထိုအတွေးကြောင့် လူဟာငြိမ်ကျသွားရသည်...။
သူ့ကိုစစတွေ့တွေ့ချင်း နှလုံးသားထဲ ဘယ်သောအခါကမှမခံစားခဲ့ဖူးသည့် လှိုင်းတံပိုးလေးတစ်ခုသိမ့်ခနဲလှုပ်ခတ်သွားတာကို ခံစားလိုက်ရသည်...။ အချစ်နဲ့တစ်ခါမှမထိတွေ့ဖူးတဲ့ အချစ်ဆိုတာကို ဘာမှန်းနားမလည်သေးတဲ့နှလုံးသားထဲ ရောက်လာသော လှိုင်းတံပိုးလေး....။