#Unicode4 နှစ်ခန့်ကြာသော်...။
"ထယ်ယောင်း...! ထတော့လေ...! ဘယ်နှနာရီရှိနေပြီလဲ...!?"
မနက်ခင်းတေးသံသာ အမေ့ရဲ့အသံကိုကြားလိုက်ရလေတော့ ခေါင်းအုံးနဲ့နားကိုပိတ်လိုက်ရင်း မျက်လုံးတွေကိုအတင်းမှိတ်ထားလိုက်သည်...။ ထိုအခါ အခန်းပေါက်ဝကနေ အမေ့ရဲ့အသံက ဒုတိယအကြိမ်ထပ်ထွက်လို့လာ၏...။
"ထတော့လို့ပြောနေတာကို...! ဆက်အိပ်နေတယ်...! ထမလား ငါလာရိုက်ရမလား...!?"
"ဒီနေ့ သင်တန်းလည်းမရှိဘူးလေ.... အမေကလည်း...! အိပ်ဦးမယ်...!"
"ဟဲ့ သင်တန်းမရှိပေမယ့် ဒီနေ့က ဂျောင်ကုရဲ့မွေးနေ့မလား...? ညနေချိန်းထားတာအတွက်ပြင်ဆင်ရမှာပေါ့...!"
"နေပါဦး... ကိုနဲ့ကျွန်တော် ညနေချိန်းထားတယ်ဆိုတာ အမေ ဘယ်လိုလုပ်သိတာလဲ...?"
အမေ့ရဲ့စကားနောက် စောင်ပုံကြား အိပ်ရာပေါ်ကနေကုန်းရုန်းထကာ ကြောင်တောင်တောင်လေးနှင့် မေးလိုက်ခြင်း...။ ထိုအခါ အမေက ပါးစပ်လေးဟလျက် အနည်းငယ်လန့်သွားတဲ့ဟန်ဖြင့်...
"မွေးနေ့ပါဆိုမှ မင်းတို့နှစ်ယောက် date လုပ်ကြမှာပဲမဟုတ်ဘူးလား...?"
ဆက်ပြောလာတဲ့အခါ အိပ်မှုန်စုံဖွားဖြင့် အမေ့စကားကိုခေါင်းထဲထားမနေတော့ဘဲ ရှုပ်ပွနေတဲ့ဆံပင်ကြား လက်ထိုးထည့်ကာ ခေါင်းကုတ်လိုက်ရင်း...
"Date လုပ်မှာက ညနေမှကို အမေက ဘာလို့ အခုထဲကလာနှိုးနေတာလဲလို့...!? သင်တန်းပိတ်ရက်လေးအိပ်ရတဲ့ဟာကို..."
"သင်တန်းပိတ်ရက်လည်း စောစောထရမှာပဲ...၊ အချိန်ကိုလည်းကြည့်ဦး...! ဟင်း... မင်းရဲ့သင်တန်းကိုလာတက်ကြတဲ့ သူတွေအတွက်တော့ ငါ ရင်လေးတယ်...!"
"အဲဒါနဲ့ဘာဆိုင်လို့..."
ခေါင်းတခါခါဖြင့်ပြောပြီးထွက်သွားလေသော အမေ့ကြောင့် ကိုယ့်မှာပြောစရာစကားပင်ပျောက်ရှသွားရလေတော့သည်...။ ဆက်ပြီးလည်းအိပ်လို့မရတော့တာကြောင့် ကုတင်ဘေးနားရှိ ခုံပေါ်တင်ထားသော နာရီအားတစ်ချက်ကြည့်လိုက်တော့ မနက် ၁၀ နာရီထိုးခါနီး...။ အင်း... အမေပြောသလို နည်းနည်းတော့ပိုအိပ်မိသွားတာပဲ...။