#Unicode"ကလေးတို့...! ဆရာမ မင်းတို့ကိုပြောစရာရှိတယ်...! မနက်ဖြန်ကျရင် ဆိုးလ်တက္ကသိုလ်ကိုဆရာမတို့လေ့လာရေးခရီးသွားရမယ်...။ ဆိုးလ်တက္ကသိုလ်ပြခန်းမှာပြသထားတဲ့ ကိုရီးယားစာပေသမိုင်းကိုလေ့လာပြီးရင် ဟောပြောပွဲလည်းရှိသေးတယ်...။ အဲဒါ အသင့်ပြင်ထားကြနော်...!"
"ဟုတ်ကဲ့ပါ ဆရာမ...!"
ကျောင်းပြန်ခါနီးပြောလိုက်သော ဆရာမရဲ့စကား...။
"ဆိုးလ်တက္ကသိုလ်..."
ခပ်တိုးတိုးရေရွတ်လိုက်မိသည်...။
အဲ့ဒီ့တုန်းကတော့မသိခဲ့ဘူး...။ အဲဒီ့ဆိုးလ်တက္ကသိုလ်မှာ ကိုယ်အရမ်းတွေ့ချင်နေတဲ့သူ့ကို တွေ့ရလိမ့်မယ်လို့လေ...။
နောက်တစ်နေ့ ဆရာမပြောသလိုပဲ ကိုယ်တို့အထက်တန်းပထမနှစ်ကျောင်းသားတွေအကုန်လုံး လေ့လာရေးအနေနဲ့ ဆိုးလ်တက္ကသိုလ်ဆီရောက်လာခဲ့သည်....။ ဆိုးလ်တက္ကသိုလ်ဟာ ကိုရီးယားရဲ့ အကောင်းဆုံးတက္ကသိုလ်ဖြစ်ပြီး ဝင်ခွင့်ရဖို့လည်းခက်သည်ဟုပြောရမည်...။ အထက်တန်းပြီးလို့ တက်ရမယ့်တက္ကသိုလ်ရွေးကြတဲ့အထဲ စာတော်တဲ့သူတွေရဲ့စာရင်းမှာ ဆိုးလ်တက္ကသိုလ်ကထိပ်ဆုံးက...။
ကိုယ်ကတော့ စာအရမ်းတော်တဲ့ထူးချွန်ကျောင်းသားလည်းမဟုတ်သလို စာညံ့တဲ့အထဲလည်းမပါ...။ အမြဲတမ်းလိုလို အဆင့်တစ်ဆယ်ကျော် အလယ်အလတ်နားလောက်လေးမှာပဲ ငြိမ်နေတတ်သူဖြစ်သည်...။ အင်း... တကယ်လို့ ဆိုးလ်တက္ကသိုလ်မှာတက်မယ်ဆိုရင်တော့ ဒီ့ထက်ပိုပြီးစာကြိုးစားမှရလိမ့်မည်...။
တက္ကသိုလ်အကြောင်းတွေးနေရင်း ကိုယ့်အတွေးထဲစိုးမိုးလာပြန်တာက သူ...။ ကိုယ့်ထက်ခေါင်းတစ်လုံးမြင့်တဲ့အရပ်နှင့် ကိုယ့်ထက်အသက်ကြီးမည့်ပုံကိုကြည့်လျှင် သူက အထက်တန်းကျောင်းသားတော့မဟုတ်တန်ရာ၊ တက္ကသိုလ်ကျောင်းသားပင်ဖြစ်လိမ့်မည်...။
သူကရော ဘယ်တက္ကသိုလ်မှာများတက်နေပါလိမ့်...။
"ဟေ့ကောင် ထယ်ယောင်း...! လာ ဟောပြောပွဲစတော့မယ်တဲ့...!"
ပြခန်းမှာလေ့လာပြီးလို့ ဟောပြောပွဲဆီသွားနေတဲ့လမ်းတစ်လျှောက်အတွေးများနေမိတဲ့ကိုယ်...။ လက်တစ်ဖက်ဆီကနေ ဆန်းမင်းနဲ့ဟိုဂျွန်းဆွဲခေါ်လာတော့မှသာ ဟောပြောပွဲအခန်းရှိရာဆီရောက်လာခဲ့တော့သည်...။