#Unicodeကျောင်းကနေ အိမ်ကိုပြန်လာတဲ့လမ်း....။ ကျောင်းမှာတင် ဘောလုံးသမားဝတ်စုံကိုချွတ်လဲလိုက်တဲ့သူက တီရှပ်အဖြူလက်တိုကို ဘောင်းဘီအမည်းနဲ့ရိုးရိုးရှင်းရှင်းတွဲဝတ်လို့ထားပြီး ကျောပိုးအိတ်ကိုလည်းပုခုံးတစ်ဖက်မှာလွယ်လို့ထားသည်...။ ကိုယ်ကတော့ ဒီနေ့ အားကစားပွဲကြည့်ရုံပေါ့ပေါ့ပါးပါးမို့ မီးခိုးရောင် Hoodie လေးနဲ့ ခဲရောင်ဘောင်းဘီလေးသာ...။
အတူတူဘေးချင်းကပ်လျက်ယှဉ်ပြီးလျှောက်လာတဲ့အနေအထားမှာ နှစ်ယောက်လုံး ဘာစကားမှမပြောဖြစ်ကြဘဲ အနည်းငယ်တိတ်ဆိတ်လို့နေကြသည်...။ ဒါပေမယ့် ဘေးချင်းကပ်လျှောက်နေရင်း တစ်ချက် တစ်ချက် ထိမိသွားတဲ့ လက်ချောင်းကလေးတွေကြောင့် ရင်ဘတ်ထဲက နှလုံးခုန်သံကတော့ တဒိန်းဒိန်းနှင့်ကျယ်လောင်လျက်....။
ချစ်သူတွေမဖြစ်ခင်၊ သူ ကိုယ့်ကိုရည်းစားစကားပြောတုန်းက တစ်ခါ၊ နောက် အခုလေးတင်ပဲကျောင်းမှာတစ်ခါ နှစ်ခါတိတိနှုတ်ခမ်းအချင်းချင်းအနမ်းတွေပေးခဲ့ဖူးတာတောင် အခုလို လက်ကလေးထိမိတာကို ရင်ထဲအသစ်အဆန်းတစ်ခုခုဖြစ်နေသလိုမျိုး မနေတတ်မထိုင်တတ်ဖြစ်ကာ ရှက်နေမိတဲ့ကိုယ်...။
ကြည့်ရတာ အချစ်ဦးဆိုတဲ့ ဒီလူသားနဲ့ပက်သက်လာရင် ကိုယ့်ရဲ့ခံစားချက်တွေ၊ ကိုယ့်ရဲ့ရင်ခုန်သံတွေက ပျင်းရိငြီးငွေ့သွားခြင်းဆိုတာမရှိဘဲ အမြဲသစ်လွင်နေဦးမည်ထင်ပါရဲ့...။
ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို ကိုယ့်ရဲ့ဘယ်ဘက်လက်ကလေးဆီ လက်ချောင်းတွေချင်းယှက်နွယ်ကာ ဆုပ်ကိုင်လို့လာတဲ့သူ...။ မျက်လုံးကလေးပင့်လျက် မော့ကြည့်လိုက်မိတဲ့အခါ ကိုယ့်ကိုကြည့်လျက်ပြုံးနေတဲ့အပြုံးတွေနှင့်ဆုံသည်...။
"ချစ်သူတွေဖြစ်နေကြပြီပဲဟာ၊ လက်ကိုင်ပြီးသွားရမှာပေါ့..."
သူ့စကားအဆုံး ကိုယ့်မှာ အောက်နှုတ်ခမ်းလေးကိုအသာဖိကိုက်ရင်း အပြုံးတွေအရမ်းမသိသာသွားအောင် မနည်းထိန်းလိုက်ရသည်...။
ပြောပါတယ်။ သူနဲ့ပက်သက်လာရင် ကိုယ့်ခံစားချက်တွေက ပျင်းရိငြီးငွေ့သွားခြင်းဆိုတာရှိလာမှာမဟုတ်ပါဘူးလို့။ သူ့ရဲ့စကားလေးတစ်ခွန်း၊ သူ့ရဲ့အပြုအမူလေးတစ်ခုနဲ့တင် ကိုယ့်ကိုပြုံးပျော်သွားအောင်၊ ရှက်သွေးဖြာသွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်...။