#Unicodeအချိန်စက်ဝန်းဟာ ပုံမှန်အတိုင်းရွေ့လျားမြဲရွေ့လျားဆဲဖြစ်သည်...။ ရာသီတွေဟာလည်း တစ်ခုပြီးတစ်ခုပြီးပြောင်းလဲလို့လာရာ နှစ်နှစ်ဆိုသည့် အချိန်သည် တစ်ခဏလေးအတွင်း ကုန်ဆုံးလို့လာသည်...။
ဒါပေမယ့် များများစားစားပြောင်းလဲသွားတာတော့မရှိပါ...။ ကိုယ်ကအခုဆို အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ဖြစ်သွားတာရယ်၊ သူကတော့ Civil Engineering တတိယနှစ်ကျောင်းသားဖြစ်သွားတာရယ်ကလွဲလို့ပေါ့...။
သူ့အပေါ်ထားတဲ့ခံစားချက်တွေကတော့ အရင်တိုင်းခိုင်ခိုင်မာမာတည်ရှိနေဆဲပါပဲ...။ အခုထိ သူ့အရှေ့ရောက်ရင် အယောင်ယောင်အမှားမှားနဲ့တလွဲလုပ်တတ်နေဆဲဖြစ်သလို စီနီယာ ဂျူနီယာဆက်ဆံရေးမှန်းသိတာတောင် သူ့ရဲ့ဂရုစိုက်မှုတွေအောက် ရင်ခုန်သံတွေဟာလည်း တဒိတ်ဒိတ်နဲ့ခုန်နှုန်းမြန်နေတတ်ဆဲဖြစ်သည်...။
ဟုတ်ပါသည်...။ သူဟာ ကျွန်တော့်ရဲ့တစ်ဦးတည်းသော အချစ်ဦးဖြစ်နေဆဲပါပဲ...။ ဒါဟာ တစ်သက်လုံးပြောင်းလဲသွားမှာမဟုတ်သလို နောက်ထပ် သူမဟုတ်တဲ့ အချစ်ဦးတို့ အချစ်ရဆုံးတို့ဆိုတဲ့ နာမ်စားတွေလည်း ကိုယ့်ဘဝမှာထပ်ရှိလာတော့မည်မထင်ပါ...။
"ဟေ့ကောင်...! ကင်ထယ်ယောင်း...! crush အကြောင်းတွေးရင်း ပြုံးပြုံးကြီးနဲ့သေမနေနဲ့ဟ...! စာမေးပွဲက ဖင်နားကပ်နေပြီ...! တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးနော်...!"
စားပွဲပေါ်လက်ထောက်ကာမေးတင်ရင်း သူ့အကြောင်းတွေးနေတဲ့ကိုယ့်ရဲ့အတွေးတွေကိုဖျက်ဆီးလိုက်သည့်အသံသည် လီဆန်းမင်းဆီကဖြစ်သည်...။
"သိပါတယ်...! အဲဒါကြောင့်စာလုပ်နေတာလေ...!"
"မင်းဟာက စာလုပ်တာလား၊ crush အကြောင်းစဉ်းစားနေတာလား မသဲကွဲဘူး...!"
"မတွေ့ရတာကြာနေပြီမို့လို့ ခဏလေးပဲလွမ်းမိတာ လွမ်းလို့မရဘူးလား....!?"
ကိုယ်ပြောလိုက်တော့ မျက်နှာမဲ့သွားတဲ့ဆန်းမင်း...။ မှန်ပါသည်၊ အခုတလော ကိုယ်ကလည်း ဒီ final စာမေးပွဲကြီးအတွက် ပြင်ဆင်နေရသလို သူသည်လည်း သူ့ရဲ့တတိယနှစ်စာမေးပွဲအတွက် လုံးပန်းနေရတာကြောင့် နှစ်ယောက်သား အပြင်မှာပင်မတွေ့ဖြစ်တာ တစ်လနီးပါးရှိနေပြီဖြစ်သည်...။ ဖုန်းနဲ့တောင်မှ စာပို့ချိန်သိပ်မရှိဖြစ်နေတာ...။