#Unicodeဒီညဟာ အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲ အောင်စာရင်းထွက်မည့်ညဖြစ်သည်...။ ည ၁၂ နာရီအတိမှာ website တွင် အောင်စာရင်းတင်ပေးမှာဖြစ်တာကြောင့် laptop တစ်လုံးအရှေ့ထိုင်စောင့်ရင်း ထိုင်လိုက် ထလိုက်ဖြင့် ဂနာမငြိမ်ဖြစ်နေမိတော့သည်...။
စာမေးပွဲကိုကောင်းကောင်းဖြေနိုင်ခဲ့တာကြောင့် မအောင်မှာကိုစိတ်မပူပေ...။ ကိုယ် ဒီစာမေးပွဲအောင်မယ်ဆိုတာ ကိုယ့်ကိုကိုယ်သိသည်...။ စိတ်ပူတာက ဆိုးလ်တက္ကသိုလ်တက်ဖို့အမှတ်မှီပါ့မလားဆိုတာ...။
ဆိုးလ်တက္ကသိုလ်က တက္ကသိုလ်တွေအားလုံးထဲမှာအမှတ်အမြင့်ဆုံးဖြစ်သည်...။ ဝင်ခွင့်ရဖို့ကလည်းခက်ခဲသည်...။ သူနဲ့တက္ကသိုလ်တစ်ခုတည်းအတူတက်ချင်တာကြောင့် ဒီဆိုးလ်တက္ကသိုလ်တက်ရဖို့အတွက်ကြိုးစားခဲ့တာ ဟိုးအထက်တန်းပထမနှစ်ကတည်းကဖြစ်သည်...။ အနှစ်နှစ်အလလကြိုးစားခဲ့တာတွေ အချည်းနှီးဖြစ်သွားရင်ဆိုတဲ့အတွေးကြောင့် စိုးရိမ်ပူပန်နေမိတာတော့အမှန်...။
ထိုသို့ စိတ်လှုပ်ရှားနေစဉ်မှာပဲ နာရီကိုလှမ်းကြည့်လိုက်တော့ ည ၁၂ နာရီထိုးပြီဖြစ်သည်...။ laptop အရှေ့မှာနေရာယူလိုက်ပြီးနောက် website ထဲဝင်လိုက်သည်...။ အောင်စာရင်းကြည့်ဖို့အတွက် နောက်တစ်ဆင့်မဝင်ခင် မျက်လုံးကိုမှိတ်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်...။ ပြီးတော့မှ မျက်လုံးကိုပြန်ဖွင့်လိုက်ရင်း enter ခလုတ်အားနှိပ်ကာဝင်လိုက်တော့သည်...။
တွေ့နေရတဲ့ ကျောင်းသားနံပါတ်တွေ၊ ခုံနံပါတ်တွေအများအပြားကြားထဲ ကိုယ့်နာမည်ကိုရှာနေမိသည်...။ တစ်ခဏအကြာမှာတော့ တွေ့လာရတဲ့ကိုယ့်ရဲ့နာမည်...။ ဘေးမှာရေးထားတဲ့အမှတ်ပေါင်းအား ခပ်မြန်မြန်ပင်လှမ်းကြည့်လိုက်မိလေတော့....
"အော...! အော...!"
ခဏလောက် ပြောစရာစကားရှာမရဘဲ laptop screen အားကြောင်ကြည့်နေမိရင်း ဆွံ့အနေမိတဲ့ကိုယ်...။ အတန်ကြာမှ ထိုင်နေရာကနေထကာခုန်လိုက်ရင်း ပျော်ရွှင်စွာဟစ်အော်လိုက်သော ကိုယ့်အသံသည် အခန်းထဲပျံ့နှံ့လို့သွားတော့သည်...။