#Unicodeခန်းမထဲကအခမ်းအနားပွဲပြီးသွားလေတော့ အစားအသောက်ပွဲကျင်းပရာ ကျောင်းရဲ့ပန်းခြံဝန်းထဲဆီ နေရာရွှေ့လာခဲ့ကြသည်...။ ကျောင်းရဲ့ပန်းခြံဟာ ကျောင်းရဲ့အရှေ့ဘက်မှာရော အနောက်ဘက်မှာရောတည်ရှိပြီး သစ်ပင်တွေပန်းပင်တွေဖြင့် ကြီးမားကျယ်ပြန့်လှတာကြောင့် အစားအသောက်ပွဲကျင်းပဖို့အတွက်အသင့်တော်ဆုံးနေရာပင်...။
ပန်းခြံရဲ့ထောင့်မှာ ကျောင်းသားတွေကြိုက်မယ့် ဈေးဆိုင်တွေ မုန့်ဆိုင်တွေနှင့် ကစားစရာဆိုင်တွေကို တန်းစီပြီးထားပေးထားပြီး ဆရာ ဆရာမ တွေအနားယူဖို့နေရာတွေလည်းလုပ်ပေးလို့ထားသည်မှာ ပျော်ပွဲရွှင်ပွဲပုံစံ...။ ထို့ကြောင့် မူလတန်းကျောင်းသားလေးတွေကစလို့ အထက်တန်းကျောင်းသားတွေအကုန် ကစားသူကကစား၊ မုန့်စားသူကမုန့်စားဖြင့် စည်ကားနေကြလေသည်...။
"ရား...! ဘာမုန့်စားကြမလဲ...? ရေခဲမုန့်စားရမလား၊ တော့ပိုကီစားရမလား...? နှစ်ခုလုံးအရသာရှိမယ့်ပုံပဲ။ ရှုပ်ပါတယ်ကွာ... နှစ်ခုလုံးတစ်ပြိုင်တည်းစားလိုက်တော့မယ်...!"
ဘေးချင်းကပ်ရပ်ရှိနေတဲ့ ရေခဲမုန့်ဆိုင်နဲ့ တော့ပိုကီဆိုင်ကိုကြည့်ပြီး သရေကျနေတဲ့ဆန်းမင်း....။
"အဲ့လောက်ငတ်ကြီးမကျပါနဲ့လား လီဆန်းမင်းရယ်။ အပူနဲ့ အအေးကို တစ်ပြိုင်တည်းသွင်းရင် မင်းလျှာတင်မက တစ်ကိုယ်လုံး ရှော့ခ်ဖြစ်သွားလိမ့်မယ်...!"
ငတ်ကြီးကျနေတဲ့ဆန်းမင်းအား ပြောလိုက်လေတော့ ဘေးရှိ ဟိုဂျွန်းကပါ ဝင်ပြောလာသည်က...
"လီဆန်းမင်းတို့ ဒီလိုအစားမက်ပုံနဲ့ ချစ်သူတောင်ရပါ့မလား..."
"အေးပါ... မင်းတို့နှစ်ကောင်ကတော့ crush မျက်နှာမြင်တာနဲ့ ဗိုက်ဝတဲ့အမျိုးတွေဆိုတော့...!"
သူတစ်ခွန်း ငါတစ်ခွန်း စနောက် ငြင်းခုန်ကြရင်းဖြင့်ပဲ နောက်ဆုံး သုံးယောက်သား ရေခဲမုန့်သာဝယ်စားရန် သဘောတူလိုက်ကြသည်...။
ထို့နောက် ရေခဲမုန့်ဆိုင်ကပြန်ထွက်လာလေတော့ နို့အရသာရေခဲမုန့်တစ်ခုကိုယ်စီကိုင်ထားသည့် ဆန်းမင်းနဲ့ဟိုဂျွန်း...။ ကိုယ်ကတော့ စတော်ဘယ်ရီကြိုက်တာမို့ စတော်ဘယ်ရီရေခဲမုန့်လေးကိုသာ ကိုင်ပြီးထွက်လာခဲ့လိုက်သည်...။