#Unicode~တီ...တီ...တီ...တူ...တူ...ဒါး...ဒါ...~
မနက်ခင်းကျောင်းသွားဖို့ပြင်ဆင်နေရင်း အခန်းထဲပျံ့လွင့်နေသည့် ကိုယ့်ရဲ့သီချင်းညည်းသံ...။ ရင်ထဲကပျော်ရွှင်မှုတွေ၊ စိတ်ကြည်နူးမှုတွေကြောင့် ခန္ဓာကိုယ်ဟာလည်း လွတ်လပ်ပေါ့ပါးလျက် သီချင်းသံစဉ်အတိုင်းလိုက်ပြီး လှုပ်ရှားလို့နေမိသည်...။
မြင်နေရတာတွေအကုန်လုံးက မျက်လုံးထဲမယ်ရင်အေးစရာ၊ ကြားနေရတာတွေအကုန်လုံးကလည်း နားထဲမယ်ချိုသာစရာ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးက ကြည်နူးမှုတွေ၊ ချစ်ခြင်းတရားတွေဖြင့် ဆွတ်ပျံ့ထုံသင်းလို့နေတော့၏...။
လူတစ်ယောက်က ချစ်နေရပြီဆိုရင်၊ အချစ်ခံနေရပြီဆိုရင် ဒီလိုပဲ အရာအားလုံးက လှပနေသလိုခံစားလာရတာလား...။
အင်း.... ကိုယ်ကချစ်တဲ့သူ၊ ကိုယ့်ကိုချစ်ပေးတဲ့သူက ဂျွန်ဂျောင်ကု ဆိုတဲ့ သူဖြစ်နေဖို့တော့လိုအပ်တာပေါ့လေ...။ သူကလွဲပြီး တခြားသူဖြစ်လို့တော့မရ...။
စွတ်စွတ်ဖြူနေတဲ့ဆွယ်တာအပွလေးကို အောက်က ဘောင်းဘီအဖြူရောင်လေးနဲ့တွဲဝတ်ထားသည့် မှန်ထဲကကိုယ့်ရဲ့ပုံရိပ်လေးကိုကြည့်ပြီးတဲ့နောက် ကျေကျေနပ်နပ်ပြုံးလိုက်ပြီး ကျောပိုးအိတ်ကိုကောက်လွယ်ကာ အခန်းထဲကနေထွက်လာခဲ့လိုက်သည်...။
လှေကားကိုဆင်းလာခဲ့တဲ့တစ်လျှောက်မှာလည်း ထုံးစံအတိုင်း သီချင်းလေးညည်းရင်း ခုန်ဆွ ခုန်ဆွဖြင့်...။
"မောနင်းပါ...! အဖေနဲ့အမေ..."
မနက်စာစားပွဲဝိုင်းမှာ အဖေနဲ့အမေကထိုင်နေကြပြီဖြစ်၍ နှုတ်ဆက်လိုက်ပြီး ကိုယ်လည်း ကိုယ့်နေရာမှာဝင်ထိုင်လိုက်သည်....။
သောက်ဖို့အတွက် ကော်ဖီငှဲ့ထည့်နေတုန်းရှိသေး၊ စားပွဲပေါ်တင်ထားတဲ့ ဖုန်းဆီကနေ message ဝင်တဲ့အသံနှင့်အတူ screen လေးက လင်းလာတဲ့အခါ ကိုယ့်မှာ ကော်ဖီကိုပင်မသောက်နိုင်သေးဘဲ လက်က အလျင်အမြန်ဖုန်းဆီရောက်လို့သွားရသည်...။
'ကို' ဆိုသည့် contact name လေးကနေ ဝင်လာသည့် message လေးက...
'ကိုယ် ကျောင်းရောက်ပြီနော်။ နေ့လယ်ထမင်းစားချိန် တွေ့မယ်။ ထယ်လည်း ဂရုစိုက်ပြီးလာဦး...'