#Unicodeဂျယ်ဂျူကျွန်းကိုရောက်လာပြီး နောက်တစ်နေ့...။ ဒီနေ့တွင်တော့ ဂျယ်ဂျူကျွန်းရှိပြတိုက်တွေဆီလိုက်လေ့လာပြီး ညနေကျ ပင်လယ်ကမ်းခြေမှာ မေဂျာနှစ်ခုရဲ့ ဘော်လီဘောပြိုင်ပွဲကျင်းပမည့် activities တွေရှိသည်...။
"မင်း ခြေထောက်က ဒဏ်ရာကရရဲ့လား...? ဒီနေ့ကပြတိုက်တွေဆီလိုက်လေ့လာရမှာဆိုတော့ လမ်းလျှောက်ရမှာ..."
အခန်းထဲက ကုတင်ပေါ်ထိုင်ရင်း ကျောပိုးအိတ်ပြင်နေပါသော ကိုယ့်အား ဆန်းမင်းက အမေးရှိလို့လာသည်...။ ထို့အတူ ဟိုဂျွန်းကလည်းဘေးကနေ စိုးရိမ်နေတဲ့ပုံစံဖြင့်ကြည့်လို့လာ၏...။
ညက သွေးတွေထွက်နေတဲ့ညာဘက်ခြေကျင်းဝတ်နဲ့အတူ အခန်းထဲဝင်လာပြီး ဆေးခန်းမသွားချင်ပါဘူးလို့ ငြင်းခံနေခဲ့သည့် ကိုယ့်ကို ဆန်းမင်းနဲ့ဟိုဂျွန်းကပဲ ဆေးလိမ်း ပတ်တီးစီးပေးထားတာမို့ဖြစ်သည်...။
"ရပါတယ်... ငါအဆင်ပြေတယ်..."
"မင်းနေမကောင်းဘူးလား၊ ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား...? ဒီခရီးကိုသွားရမှာမို့လို့ ခုန်ပေါက်ပျော်ရွှင်နေခဲ့တဲ့သူက အခုမင်းမဟုတ်တဲ့အတိုင်းပဲ...။ ငါတို့သတိထားမိတာ မနေ့ညကတည်းက...။ မင်းမျက်နှာညှိုးနေတယ်၊ ဘာဖြစ်တာလဲ...?"
ဟိုဂျွန်းဆီကထွက်လာတဲ့စကား...။ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဖြစ်တာကြောင့် မျက်နှာတစ်ချက်ညှိုးတာနဲ့ ကိုယ်တစ်ခုခုဖြစ်နေမှန်းသူတို့သိသလို၊ သူတို့တစ်ခုခုဖြစ်ရင်လည်း ကိုယ်သိသည်...။
မနေ့ညကစလို့ ဒီမနက် မနက်စာစားချိန်တစ်လျှောက်လုံးမှာလည်း နွမ်းလျလျဖြစ်နေတဲ့ ကိုယ့်မျက်နှာအနေအထားကို သူတို့ရိပ်မိကြသည်မှာအဆန်းမဟုတ်ပါပေ...။
"ငါ ဘာမှမဖြစ်ပါဘူး..."
"ဟင့်အင်း...! မင်း တစ်ခုခုဖြစ်နေတယ်၊ ငါတို့သိတယ်...။ ပြော၊ ဘာဖြစ်တာလဲ...? ငါတို့ကူညီပေးမယ်...!"
ဆန်းမင်းကပါ ဝင်ပြောလို့လာလေတော့ သူတို့နှစ်ယောက်အား ကိုယ်ခပ်ဖျော့ဖျော့သာပြန်ပြုံးပြလိုက်ရင်း...
"ခရီးကနေပြန်ရောက်မှ၊ အဲ့အခါကျမှ ငါ မင်းတို့ကိုပြောပြပါ့မယ်..."