#Unicode'မနက်ဖြန်ခရီးအတွက် လိုအပ်တာတွေ ပြင်ဆင်လို့ပြီးပြီလား...?'
မနက်ဖြန်မနက်ခရီးသွားဖို့အတွက် ညဘက် အဝတ်အစားတွေထည့်နေတုန်းမှာပဲ ကိုယ့်ဖုန်းထဲဝင်လာသော သူ့ရဲ့ message...။ ပြုံးလိုက်မိရင်း ခပ်မြန်မြန်ပဲစာပြန်ပို့လိုက်သည်...။
'အခုပဲ အဝတ်အစားတွေထည့်နေတာ စီနီယာ...'
'အော်... လိုအပ်တဲ့ပစ္စည်းတွေ မမေ့နဲ့ဦးနော်...'
'ဟုတ်ကဲ့... စီနီယာ...'
'ပစ္စည်းတွေထည့်လို့ပြီးတာနဲ့ စောစောအိပ်တော့နော်၊ မနက်ကျရင်အစောကြီးထသွားရမှာဆိုတော့ မဟုတ်ရင် အိပ်ရေးမဝဘဲနေလိမ့်မယ်...၊ ဒါဆို ကောင်းသောညဖြစ်ပါစေ ကောင်ငယ်လေး...'
'ဟုတ်ကဲ့၊ စီနီယာလည်း ကောင်းသောညဖြစ်ပါစေ...'
စာပို့လို့ပြီးတာနဲ့ အဝတ်အစားထည့်တာကိုလက်စသတ်လိုက်ပြီး သူပြောသလို ခပ်စောစောအိပ်ရာဝင်လိုက်သည်...။ မျက်လုံးမှိတ်ထားသော်လည်း နောက်နေ့ သူနဲ့အတူသွားရမယ့် ခရီးစဉ်အကြောင်းစဉ်းစားရင်း ကိုယ့်နှုတ်ခမ်းပါးတွေကပြုံးလို့...။
နောက်တစ်နေ့မနက်...။
ဆိုးလ်နဲ့ဂျယ်ဂျူကျွန်းဟာ ကားနဲ့သွားမယ်ဆို ခြောက်နာရီလောက်အနည်းဆုံးကြာတာမို့ ဂျယ်ဂျူကျွန်းကိုနေ့လယ်ဘက်ရောက်စေရန် ဆိုးလ်ကနေ မနက်အစောကြီးထထွက်မှရသည်...။ ဆန်းမင်း ဟိုဂျွန်းတို့နဲ့အတူ စုမှတ်နေရာဖြစ်သည့် ကျောင်းအရှေ့ဆီရောက်လာလေတော့ အချိန်က ဝေလီဝေလင်း မနက် ငါးနာရီခွဲဖြစ်သည်...။ မနက်ခြောက်နာရီတွင်ကားစထွက်မည်ဖြစ်ပြီး ကိုယ်တို့ဘေးတွင် စီးသွားရမည့် ခပ်ကြီးကြီးအဝေးပြေးကား သုံးစီးရပ်လို့ထားသည်...။
ခပ်လှမ်းလှမ်းတွင်လည်း ထိုနည်းလည်းကောင်း၊ နောက်ခရီးတစ်ခုထွက်ရမည့် အခြားအဖွဲ့နှစ်ဖွဲ့နဲ့အတူ သက်ဆိုင်ရာကားသုံးစီးဆီ အစုလိုက် အစုလိုက် ရပ်လို့နေကြ၏...။
ကားတွေအနား သူငယ်ချင်းသုံးယောက် အထုပ်ကလေးတွေချကာရပ်နေလိုက်ရင်း အစောကြီးထထွက်လာရတာမို့ မနက်စာမစားလာရတာကြောင့် ပါလာသည့် ပေါင်မုန့်လေးတွေကိုသာ ကိုက်စားလျက် စောင့်နေလိုက်သည်...။