#Unicodeအခန်းထဲ ကုတင်ပေါ်ထိုင်နေရာကနေထလိုက်၊ ပြန်ထိုင်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်နေတဲ့ကိုယ်...။ သူနဲ့ဘတ်စ်ကားဂိတ်မှာတွေ့ခဲ့သည့်နေ့ပြီးတဲ့အချိန်ကစလို့ နောက်ထပ် သူနဲ့ပက်သက်တဲ့အကြောင်းတွေ စာသားတစ်လုံးမှအတင်မခံရသေးသော စားပွဲထက်ကဒိုင်ယာရီစာအုပ်ကိုကြည့်ရင်းဖြင့်လည်း သက်ပြင်းတွေချနေမိသည်...။
သူ့အတွက်ရည်ရွယ်ထားတဲ့ဒိုင်ယာရီစာအုပ်ပါဆိုမှ သူနဲ့တွေ့တော့မှ အဲဒီ့ဒိုင်ယာဆီစာအုပ်မှာ ဒီနေ့သူနဲ့တွေ့ခဲ့တဲ့အကြောင်း၊ သူနဲ့တွေ့ရလို့ ကိုယ်ဘယ်လိုတွေခံစားရတဲ့အကြောင်း ရေးလို့ရမှာပေါ့...။ အခုတော့ ဘတ်စ်ကားဂိတ်မှာတွေ့ခဲ့ပြီးသည့်နေ့ကစလို့ သူနဲ့ထပ်မတွေ့ရတာ လေးရက်မြောက်ရှိပြီဖြစ်သည်...။
ထိုလေးရက်လုံးလုံး အရင်တစ်ခါလိုပဲတိုက်တိုက်ဆိုင်ဆိုင် ဘတ်စ်ကားဂိတ်မှာတွေ့မလားဆိုတဲ့စိတ်နဲ့ သူရောက်လာမယ့်အချိန်ကိုမှန်းပြီး မနက်တိုင်းစောင့်ပေမယ့် သူ့အရိပ်အယောင်လေးကိုမြှူမှုန်လေးတောင်မတွေ့ရ...။
တစ်ခါလောက်တွေ့ပြီးတာနဲ့ ဖမ်းမရအောင်ပျောက်ပျောက်သွားတတ်တဲ့သူ...။ ကိုယ်ကြိုက်နေတာက လူလား၊ မျက်လှည့်ဆရာလားတောင်မသည်းကွဲတော့...။
သူ့အိမ်အနားသွားချောင်းရအောင်လည်း အဲဒီ့ကိုလာရတဲ့အကြောင်းပြချက်ကောင်းကောင်းရှိထားမှရမှာပေါ့...။ အဲဒါမှမတော်တဆသူနဲ့ဆုံရင် သူ့အိမ်ရှေ့ဘာကြောင့်ရောက်နေတယ်ဆိုတာ ပြောပြလို့ရမှာဖြစ်ပြီး အခြားလူတွေတွေ့ရင်လည်း သူခိုးလို့မထင်တော့မှာဖြစ်သည်...။ ဒါပေမယ့် အဲဒီ့အကြောင်းပြချက်ကိုအခုထိရှာမတွေ့သေး...။
အင်း... လူတစ်ယောက်ကိုကြိတ်ကြိုက်နေရတဲ့ဒုက္ခကလည်းမသေးပါလားနော်...။
ထိုအချိန်မှာပဲ အခန်းထဲကိုလုံးလုံးလေးနဲ့ပြေးဝင်လာသည့် Tan...။ ခေါင်းထဲမှာ မီးသီးလေးလင်းသွားသလို မျက်ခုံးနှစ်ဖက်ဟာမြင့်တက်သွားရပြီး ဝင်လာသည့် Tan အား ဆတ်ခနဲကောက်ပွေ့ချီလိုက်တော့သည်...။
"မင်းကိုပဲငါအသုံးချရတော့မှာပဲ..."
ထို့နောက် နဂိုဝတ်ထားသည့် တီရှပ်အဖြူရောင်နဲ့ဘောင်းဘီအမည်းအတိုလေးကိုလဲဝတ်မနေတော့ဘဲ အညိုရောင် Hoodie လေးကိုသာ အပေါ်ကထပ်ဝတ်လိုက်ပြီး Tan ကိုပွေ့ကာ အိမ်အောက်သို့ဆင်းလာခဲ့လိုက်သည်...။