Part 1

8.3K 297 20
                                    

( Unicode )

" ဒီတစ်ခါတော့ ကိုကြီး နယူးယော့ခ် လာခဲ့လိုက်ဦး "

ပြင်ဦးလွင်မှာ အသစ်ဖွင့်မည့် ဟိုတယ်အသစ်နှင့် ပတ်သက်၍ ရှယ်ယာရှင်များ အစည်းအဝေးအပြီး ရုံးခန်းထဲ ပြန်ရောက်ချိန် အသင့်စောင့်ကြိုနေသည့် အီးမေးလ်က ဦးကျော်‌ဇေအေးရင်ကို နွမ်းလျသွားစေခဲ့သည် ။ အနက်ရောင်မှန်ချပ်များ ကာစီးထားသည့် အလုံပိတ်အခန်းကျယ်ကြီးထဲမှာ အဲကွန်းအပြည့်ဖွင့်ထားသော်လည်း သူ့စိတ်တွေ အေးမနေခဲ့ ။

အထက်တန်းပြီးကတည်းက နယူးယော့ခ်မှာ အခြေချနေထိုင်သည့် ညီဖြစ်သူဆီက စာတစ်စောင်နှင့်အတူ တွဲလျက်ပါလာသည့် ဓာတ်ပုံတွေထဲမှာ ရှေ့ပိုင်းကြေမွနေသည့် Sport carတစ်စီး ။ နောက်ပြီး ခေါင်းမှာ ပတ်တီးအဖွေးသားနှင့် တစ်ဦးတည်းသော သားဖြစ်သူ ။ ဒဏ်ရာတွေနှင့် ဆေးရုံပေါ်ရောက်နေသော်လည်း ဘေးမှာ သူငယ်ချင်းတွေလား အပျော်ရည်းစားတွေလား မသဲကွဲသည့် ‌ယောက်ျားလေး ၊ မိန်းကလေးအချို့နှင့် ရယ်မောနေသည့်ပုံစံက တကယ် ဘာကိုမှ အလေးအနက်မထားဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စားဒီဇိုင်းမျိုး ။

ဟိုတယ်တွေ ၊ ကားအရောင်းပြခန်းတွေနှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွေ ပါဝင်သည့် Zenith Zephyr ဆိုသော ကုမ္မဏီကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်သည့် ဥက္ကဌကြီးတစ်ယောက်ဖြစ်ပေမဲ့ အသက်ခုနှစ်နှစ်ကတည်းက နယူးယော့ခ်ကို ပို့ထားမိသည့် တစ်ဦးတည်းရှိသော သားကိုတော့ ဦးကျော်ဇေအေး မအုပ်ချုပ်နိုင်ပါ ။ ငယ်သေးလို့ စိတ်ကြိုက် နေပါ‌စေဆိုပြီး လွတ်လွတ်လပ်လပ် လွှတ်ထားပေးခဲ့သမျှက သားကို လူပေလူတေလေး ဖြစ်သွားစေခဲ့ပြီလား ။

သက်ပြင်းမောတို့နှင့်အတူ ဆုံလည်ကုလားထိုင်တစ်လုံးပေါ် ခေါင်းမှီနေမိစဉ်မှာပဲ ရုံးခန်းထဲကို တစ်စုံတစ်ယောက် ဝင်လာခဲ့သည် ။

" လေးကျော် ... ပင်ပန်းနေပြီလား "

ပါးချိုင့်နက်နက်တွေ ပေါ်အောင်ပြုံးရင်း အနားရောက်လာသူက Zenith Zephyr ကုမ္မဏီလီမိတက်၏ မန်းနေးဂျင်းဒါရိုက်တာ ။ အရပ်မြင့်မြင့် အသားဖြူဖြူနှင့် ကျစ်ကျစ်လျစ်လျစ် ခန္ဓာကိုယ်က အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် စတိုင်ပင်တို့အောက်မှာ အချိုးကျကျ။ လည်ပင်းမှာ စီးထားသည့် နက်ခ်တိုင်ကို ဖြုတ်မထားသော်လည်း အပေါ်က ကုတ်ကိုချွတ်ပြီး လက်ပေါ်မှာ ခေါက်တင်ထားတာ သပ်သပ်ရပ်ရပ်ပင် ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Donde viven las historias. Descúbrelo ahora