❄️❄️❄️Part(31)

2K 44 2
                                    

❄️❄️❄️
သူရဲ့ နှလုံးသားကြီးကို ရေခဲရိုက်သွားသလို အေးစက်သွားသည်။ တစ်နေ့နေ့ တစ်ချိန်ချိန် မမက ကိုသီဟမောင်နဲ့ လက်ထပ်မှာဆိုတာ သိခဲ့သော်လည်း လက်တွေ့မှာကျ မခံစားနိုင်ဖြစ်နေသည်။ မမက မကြာခင် သူများအပိုင်ဖြစ်တော့မှာပါလား။ ရပါတယ် မမပျော်နေရင် သူအဆင်ပြေပါတယ်။ ရှိုင်း မမကို သဘောကျတာက ရှစ်တန်းကတည်းက လူပျိုဝင်စလူငယ်လေးက မိမိအစ်မရဲ့ Best friend ကို ချစ်မိသွားသည်။ မမ ချစ်သူရှိတယ်ဆိုတာ သိတုန်းက သူ့မှာ စာမေးပွဲနီးနေတာတောင် စာမလုပ်နိုင်ဘဲ အသည်းကွဲကာ ဆွေးနေခဲ့ရသည်။ အခုတော့ အသည်းက တကယ်ကွဲပြီ။ မမတောင် လက်ထပ်တော့မှာလား။ ကိုယ်ချစ်တဲ့သူ လက်ထပ်သွားသည့် မြင်ကွင်းကို ကြည့်နိုင်စွမ်းမရှိ။ ဒါကြောင့် မမလက်မထပ်ခင် သူနိုင်ငံခြားကို အရင်ထွက်သွားတော့မည်။

"ရှိုင်း..."

မမရဲ့ ခေါ်သံကြားလိုက်ရတော့ အက်ကွဲနေတဲ့ နှလုံးသားကြီးက အလိုက်မသိခုန်နေသေးသည်။ ကျချင်လာသည့် မျက်ရည်ကို ထိန်းထားပြီး မမကို ကြည့်လိုက်သည်။ မမက ပြုံးလည်းပြုံး ငိုလည်းငိုနေသည်။ မမကို တွေ့တော့ သူမျက်ရည်များ မထိန်းနိုင်တော့ဘဲ စီးဆင်းခွင့်ပြုလိုက်သည်။

"တကယ်သွားတော့မှာလား..."

"အွန်း... ကျောင်းဖွင့်တာ ၂ပတ်ရှိနေပြီလေ... ကျွန်တော် နောက်ကျလို့ မရတော့လို့ မမ"

မမကိုတော့ သူကျောင်းတက်ဖို့ သွားရမည်ဟု လိမ်ထားလိုက်သည်။ တကယ်လည်း အသည်းကွဲတာ ကုစားရင်း အကျိုးရှိအောင်  ကျောင်းတက်ဖို့ သွားတာပင်။

"မငိုပါနဲ့ မမရယ် "

"ဂရုစိုက်နော် "

အသံလေးတိမ်သွားပြီး တိုးတိုးလေးပြောနေသည်။

"ဟုတ်... မမလည်း ချစ်တဲ့သူနဲ့ ပျော်ရွှင်ပါစေနော်"

Flight တက်တော့မှာမို့ ရှိုင်း မမကို နှုတ်ဆက်တဲ့ အနေနဲ့ တင်းကျပ်စွာ ဖက်မိလိုက်သည်။ မမကလည်း မငြင်းဘဲ သူ့ကို ပြန်ဖက်သည်မို့ အချိန်အတန်ကြာအောင် ဖက်နေမိသည်။ နောက်ဆုံး အနေနဲ့ အနမ်းတစ်ပွင့် နဖူးလေးကို မြတ်နိုးစွာ နမ်းလိုက်သည်။ ခရီးသည်တွေ နေရာယူဆိုမှ သူ မမကို ကျောခိုင်းပြီး ထွက်လာခဲ့ရသည်။ သူ့နှလုံးသားကတော့ သူမဆီမှာ ကျန်ခဲ့ပြီပေါ့။ မမတစ်ယောက်တည်းကို ချစ်မှာမို့ မမနဲ့မှ မဟုတ်ရင် အိမ်ထောင်မပြုတော့ဆိုသည့် ဆုံးဖြတ်ချက်က ခိုင်မြဲသထက်ခိုင်မြဲလာသည်။

ရင်ထဲက နေရာ(OC)Where stories live. Discover now