Effect 9

69 3 2
                                    

🪻Unicode🪻

မဒီရိပ် ခြိမ်းခြောက်စာရပြီးကတည်းက အလုပ်လည်းမသွားဘဲ အခန်းထဲတွင်သာ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခဲ့သည်။ သို့သော် ရိပ် တစ်ယောက်တည်းအခန်းထဲပိတ်နေပြီး တစ်ခုခုလုပ်လိုက်မှာ စိုးရိမ်နေတဲ့အဘွားက ရိပ် တံခါးမဖွင့်ပေးမချင်း တဂျီဂျီပြောနေကာ ထမင်းမစားမချင်းလည်း နားပူနားဆာနဲ့ လာကျွေးလေသည်။ ညအိပ်မပျော်တတ်တဲ့ ရိပ်ကို ဆေးလာလာတိုက်ပြီး အိပ်မက်ဆိုးတွေမက်တဲ့အခါ အဘွားက နံဘေးတွင် တစ်ညလုံး စောင့်ပေးတတ်သည်။

ဒီလိုမျိုးသာ ရိပ်နဲ့အဘွား တစ်သက်လုံး ဘယ်မှမသွား ဘာမှမလုပ်ဘဲ အခန်းထဲမှာသာ ပိတ်လှောင်ပြီး နေခဲ့ရင် လူသတ်သမားက ရိပ်ကို လွှတ်ထားပေးမလားဟု ရူးကြောင်ကြောင် စိတ်ကူးယဉ်မိသေးသည်။

သို့သော် သုံးရက်လောက် လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီးချိန်မှာတော့ ရိပ် စိတ်ရောလူပါ ပင်ပန်းမှုတွေပေါင်းပြီး ဖျားသွားတော့သည်။

' ရိပ်...ဟဲ့ ကောင်မလေး ထ ထ! ကိုယ်တွေ ပူကျစ်နေတာပဲ '

ဒေါ်ဌေးရီက အဖျားတိုင်းပြီး အိပ်နေသည့် မဒီရိပ်ကို ဆေးတိုက်ဖို့ နှိုးရ၏။

' ခေါင်းမူးလို့ ခဏပြန်အိပ်ဦးမယ် '

' ပြန်မအိပ်နဲ့တော့။ တစ်ခါတည်း ဆေးရုံသွားပြရအောင်။ အောက်မှာ သမီးမိတ်ဆွေလည်း ဆေးရုံလိုက်ပို့ပေးဖို့ ရောက်နေတယ် '

' ဘယ်က မိတ်ဆွေလဲ '

မဒီရိပ် အိပ်မှုန်စုံမွှားကြားမှ ကိုက်ခဲနေတဲ့နားထင်ကို လက်ဖြင့်ဖိရင်း မအီမသာနဲ့ ကုန်းထလိုက်ရသည်။

' ဟိုတစ်ခါaccidentဖြစ်တုန်းက ကူညီပေးတဲ့ သမီးတို့ရုံးက တစ်ယောက်လေ...သျှား ဆိုလား '

အိပ်ချင်စိတ်တို့ တစ်ခဏချင်း လွင့်စင့်သွားရကာ ရိပ် မျက်ခုံးတို့တွန့်ချိုးသွားသည်။

' သူက ဘာလာလုပ်တာလဲ '

' သမီး နေမကောင်းလို့ဆိုပြီး ခွင့်ယူထားတာကို မနက်က ဖုန်းဆက်ပြီး သတင်းလှမ်းမေးတာ။ အဲ့ဒါအဘွားလည်း အဖျားကြီးနေလို့ ဒီနေ့တောင် ဆေးရုံသွားပြမှာလို့ပြောလိုက်တော့ သူက တကူးတက ကားငှါးရင်း လူမမာ ဒုက္ခရောက်နေပါမယ်တဲ့။ သူလည်း အလုပ်အားနေတော့ ဆေးရုံလိုက်ပို့ပေးပါရစေဆိုလို့ အဘွားလည်း လာခိုင်းလိုက်တာ '

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now