Effect 18

45 3 6
                                    

🌒Unicode🌘

' ညီမ မှတ်မိရဲ့လား မသိဘူး။ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်လောက်က ညီမတို့ကျောင်းမှာ ကျောင်းသူမြတ်လေးရုံသတ်သေတဲ့အမှုဟောင်းကို ပြန်စုံစမ်းတော့မလို့ပါ။ ဦးတင်ထွေးရဲ့ သေတမ်းစာမှာ မမြတ်လေးရုံက သတ်သေတာ မဟုတ်ဘူးလို့ ဝန်ခံသွားတယ် '

မဒီရိပ်ရဲ့အတွေးတွေက သူမလွတ်သွားတဲ့ သဲလွန်စတွေကို အမိအရလိုက်ဖမ်းရင်း အသက်ရှူဖို့တောင် မေ့သွားတဲ့အထိ ဖိစီးလာသည်။

' ညီမ! မမဒီရိပ်! '

ရဲသားတစ်ယောက်က ရိပ်နာမည်ကို အဆက်မပြတ်လှမ်းခေါ်နေသံ ဝိုးတဝါးကြားလိုက်ပြီးမှ ရိပ် သတိပြန်ကပ်သွားသည်။ ရဲသားနှစ်ယောက်လုံးရဲ့ မသင်္ကာတဲ့မျက်လုံးတွေက ရိပ်မျက်နှာအနှံ့ဖြန့်ကျက်သွားသဖြင့် ရိပ်က မျက်နှာငယ်လေးနဲ့ အောက်သို့ငုံ့လိုက်သည်။

' စိတ်မရှိပါနဲ့။ ကျွန်မ-ကျွန််မ မမြတ်လေးရုံရဲ့အလောင်းကို ပြန်မြင်ယောင်နေလို့ပါ။ ဘယ်လိုပဲပြောပြော...ဒီလိုကိစ္စကို ကြုံလိုက်ရချိန်မှာ ကျွန်မအသက် ၁၄နှစ်ပဲရှိသေးတာ။ အခုထိလည်း မမြတ်လေးရုံ ပြုတ်ကျသွားတဲ့ပုံစံ၊ အုတ်ခုံနဲ့ရိုက်မိတဲ့အသံ၊ သွေးတွေဖြာထွက်လာတဲ့မြင်ကွင်း၊ ရိပ်ကို စိုက်ကြည့်နေတဲ့ မျက်လုံးသေတွေက ရိပ်ကို ခြောက်ခြားစေတုန်းပဲ '

' ကျွန်တော် နားလည်ပါတယ်။ မမဒီရိပ်အတွက် အရမ်းဖိအားများခဲ့မှာပဲ။ ဒါပေမယ့် အရမ်းမစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ မမြတ်လေးရုံရဲ့အမှုမှာ သေတမ်းစာထဲကပြောသလို မတရားမှုရှိခဲ့တယ်ဆိုရင် အမြန်ဆုံးဖော်ထုတ်သွားမှာပါ '

အမြန်ဆုံးဖော်ထုတ်မှာကိုက စိုးရိမ်စရာဖြစ်နေတာလို့ ရိပ် စိတ်ထဲက ပြောလိုက်မိသည်။ ရိပ်မျက်နှာတွင်တော့ ဝမ်းနည်းတုန်လှုပ်နေတဲ့အမူအရာကိုသာ ကော်နဲ့ကပ်ထားလျက် မျက်မှောင်ကျုံ့ကာ သူ့မှတ်စုစာအုပ်ကို ပြန်ဖတ်နေတဲ့ ရဲသားနောက်တစ်ယောက်ကို ကြည့်လိုက်သည်။

' ညီမ ဦးတင်ထွေးဆုံးတဲ့နေ့က လုပ်ဖော်ကိုင်ဖက်တစ်ယောက်အိမ်မှာရှိခဲ့တယ်လို့ပြောလိုက်တယ်။ အဲ့ဒိလုပ်ဖော်ကိုင်ဖက်နာမည်က သျှား...ဟုတ်တယ်နော် '

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now