Effect 11

65 3 0
                                    

☁️Unicode☁️

' မမ... '

ငုံ့ကြည့်နေတဲ့ သူ့ထံမှစိုးရိမ်မှုတို့က မျက်နှာပေါ်အထင်းသားမြင်နေရကာ ရိပ်ရဲ့လက်ချောင်းများကို ပိုမိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရ၏။

' မမ အဆင်ပြေရဲ့လား။ ကျွန်တော် မမကိုလိုက်ရှာနေတာ။ မယမုံကလည်း မမရုံးခန်းထဲမှာ ရှိမနေဘူးဆိုပြီး ပြောတယ်။ ဖုန်းကလည်း မအားတော့ မမ တစ်နေရာရာမှာပိတ်မိနေတယ်ထင်တာ။ မီးကလည်း ဘယ်နားလောင်နေမှန်းမသိတော့ ကျွန်တော် အရမ်း- '

တစ်ဖက်မှ ပြောနေသည့်စကားများကို အာရုံမစိုက်နိုင်စွာ ရိပ်ရဲ့အကြည့်တွေက သူမရဲ့မှားယွင်းစွာ ဆုပ်ကိုင်တွဲထားတဲ့လက်တစ်စုံတွင်သာ စူးစိုက်လျက်။

' မင်းက ဘာလို့လဲ '

တိုးညှင်းစွာ ရေရွတ်လိုက်တဲ့ ရိပ်ကြောင့် သျှားက သေချာမကြားလိုက်ဘဲ စိတ်ရှုပ်ထွေးစွာ ကြည့်လာသဖြင့် ရိပ်က သျှားရဲ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ရင်း ပြတ်သားစွာ ထပ်ပြောလိုက်သည်။

' ဘာလို့ မင်းက လာရှာတာလဲ။ ယမုံထက်တောင် ဆက်မရှာဘဲ သူ အန္တရာယ်ကင်းမယ့်နေရာကို သွားပြီလေ။ မင်းက ဘာလို့ ဒီမှာရှိနေတာလဲ '

မင်း ဘာလုပ်လိုက်လဲဆိုတာ သိရဲ့လားဟု ရိပ် စိတ်ထဲက အော်ဟစ်မေးလိုက်မိသည်။

သျှားက ရိပ်ရဲ့ထိုးနှက်လာတဲ့မေးခွန်းများကြောင့် အဖြေတစ်ခုကို ပေးမလိုလိုနှင့် တုံ့ဆိုင်းနေသည်။ သူတို့နှစ်ယောက်ကြားမှ နီးမလိုနှင့် ဝေးကွာနေသော အရာတစ်ခုက အခြေအနေကို ပိုတင်းမာစေသယောင်။

ရိပ်က စိတ်ရှုပ်ရှုပ်နဲ့ မိုးရေထဲမှာ တွဲထားတဲ့သူတို့လက်ကို ဖြုတ်ဖို့ ရုန်းလိုက်ပေမယ့် သျှားက ခေါင်းမာစွာ မလွှတ်ပေးပါ။

' ကျွန်တော်တို့ အခု အရေးပေါ်လှေကားက ဆင်းရမယ် '

' သိတယ်။ လက်ကိုလွှတ် '

သျှားက လက်ကိုမလွှတ်သေးဘဲ ရုန်းကန်ရင်း ထီးရိပ်အောက်ကလွတ်ကာ မိုးစိုသွားသည့် ရိပ်ကို ထီးအောက်သို့ ပြန်ဆွဲသွင်းရင်း ပိုနီးကပ်စွာ ရပ်လိုက်သည်။

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now