Effect 19

58 3 6
                                    

❤️‍🩹Unicode❤️‍🩹

' ၁၃ရက် ၇လပိုင်း ၂၀၁၁လား? '

' ဟုတ်တယ်...မမြတ်လေးရုံ မသေခင် ၆လအလို '

မျှော်လင့်တစ်ကြီးနဲ့ ငေးကြည့်နေတဲ့ သျှားရဲ့မျက်ဝန်းနက်များကိုရှောင်ကာ ရိပ် ဒိုင်ယာရီစာအုပ်ကိုသာ ငုံ့ကြည့်နေမိသည်။ ရိပ် ဘယ်လိုပဲစဉ်းစားစဉ်းစား ထိုနေ့နဲ့ပက်သက်ပြီး ရိပ် မှတ်ဥာဏ်ထဲတွင် ဘာမှပေါ်မလာပါ။ မမြတ်လေးရုံက ဘာလို့ဒီနေ့စွဲကို ရိပ်ကို မြင်စေချင်တာလဲ။ ဒီရက်စွဲက လူသတ်သမားနဲ့ရော ဘယ်လိုပက်သက်နေတာမို့လို့လဲ။

' မမ ဒီရက်နဲ့ပက်သက်ပြီး တစ်ခုခုမှတ်မိသေးလား '

ရိပ်က မျက်မှောင်ကျုံ့ကာ ခေါင်းကို အသာခါလိုက်သည်။

' တစ်နေရာရာ သွားတာတို့၊ တစ်ယောက်ယောက်နဲ့ တွေ့တာတို့ရော ရှိလား '

' အဲ့ဒိရက်က ရိပ်အတွက် ထူးထူးခြားခြားမှတ်ထားရလောက်တဲ့ရက်မဟုတ်ဘူး။ ၂၀၁၁ဆိုတော့ ရိပ် ကိုးတန်းကျောင်းသူပဲ ရှိသေးတာ။ ဒီတိုင်း သာမန်ကျောင်းသွား၊ အိမ်ပြန်၊ ကျူရှင်တက်နေမှာပေါ့ '

သျှားက အနည်းငယ်စိတ်လှုပ်ရှားနေဟန် နှုတ်ခမ်းကိုသပ်ကာ ထပ်မေးလာသည်။

' အဲ့ဒါဆို မမနဲ့သိတဲ့လူတစ်ယောက်ယောက်ရဲ့ အရေးကြီးတဲ့နေ့ ဖြစ်နိုင်တာမျိုးရော ရှိလား။ မမမေ့နေတဲ့ အရေးကြီးတဲ့ အချက်အလက်တစ်ခုရော မဖြစ်နိုင်ဘူးလား '

' သျှား မင်း တို့ရုံးခန်းထဲကို ရုတ်တရတ်ကြီး ဝင်လာပြီး လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ရက်တစ်ရက်မှာ ဘာလုပ်နေလဲ မေးနေတာနော်။ ရိပ်က တန်းမှတ်မိမယ်ထင်လို့လား '

ရိပ်ရဲ့ ခပ်ဆတ်ဆတ်စကားကြောင့် သျှားက သူစိတ်လောသွားမှန်းသိကာ အားနာသွားဟန် ငြိမ်သက်သွားသည်။

' ကျွန်တော် ဒီဒိုင်ယာရီကိုဖတ်ပြီးတည်းက ကျွန်တော့်အစ်မက သတ်သေတာမဟုတ်ဘူးလို့ ယုံကြည်သွားတာ။ အဲ့ဒါကြောင့် မမ လိမ်နေမှန်းသိပြီး နောက်တစ်နှစ်အကြာမှာ မမဆီ ချဉ်းကပ်လာတာ။ အဲ့တုန်းက ကျွန်တော်လည်း ငယ်သေးတော့ စိတ်ထဲမှာ မမ ဘာလို့လိမ်တာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော် အရမ်းစိတ်ဆိုးခဲ့တယ်။ ဒါပေမယ့် စုံညီပွဲတော်နေ့မှာ မမကို ပထမဆုံးတွေ့တဲ့အချိန်မှာပဲ ကျွန်တော် နားလည်သွားတယ် '

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now