Effect 6

102 4 4
                                    

🍂Unicode🍂

ရိပ်ကို ဖိတ်ခေါ်နေတဲ့ မိုးရေထဲက လက်တစ်စုံကို တွန့်ဆုတ်ကြောက်လန့်စွာ ကြည့်နေမိသည်။ သျှားကတော့ သဘောရိုးနဲ့ ထီးမပါတဲ့ ရိပ်ကို ကူညီချင်ရုံသပ်သပ်ပေမယ့် ရိပ်အတွက်တော့ ဒါဟာကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ရိပ်ဘဝအတွက်...မေမေ့အတွက်...နောက်ဆုံး လုပ်ပေးနိုင်တဲ့အရာ။

ဇာတာက နမိတ်ကြီးသုံးခုကို ရိပ် ရှောင်ရမည်။ ထိုဇာတာဟာ သျှားနဲ့ဆက်စပ်နေလျှင် သျှားကို ရှောင်ရမည်။ မေမေ မသေခင်မှာခဲ့တဲ့ နောက်ဆုံးဆန္ဒအတိုင်း ရိပ်အနားက ဘယ်သူမှ မထိခိုက်ရအောင် ရိပ်ရဲ့ကြမ္မာဆိုးကို ရပ်တန့်ရမည်။

' မမ...ဘာတွေစဉ်းစားနေတာလဲ၊ မိုးပိုသည်းလာတော့မယ် '

သျှားက တွေဝေနေတဲ့ရိပ်ကို စိတ်ပူစွာ လှမ်းခေါ်ရင်း ပိုမိုသည်းထန်စွာ ရွာချလာတဲ့ မိုးကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် မဒီရိပ်ရဲ့ ထူးဆန်းစွာ ငြိမ်သက်သွားတဲ့ အမူအရာကို အကဲခတ်ကာ သူ့လက်ကိုပြန်ရုတ်လိုက်ပြီး

' ဟို ကျွန်တော်နဲ့ထီးတူတူဆောင်းပြီး ထွက်သွားတာကို တခြားဝန်ထမ်းတွေမြင်ရင် အထင်လွဲမှာဆိုးလို့လား။ ကျွန်တော့်ကားထဲမှာ ထီးအပိုတစ်ချောင်းတော့ ရှိသေးတယ်။ မမ အဲ့ဒါ ယူဆောင်းပြီးပြန်လို့ရတယ် '

သူ့အပြုအမူကို အားနာသွားဟန် ရှင်းပြနေတဲ့ သျှားကြောင့် ရိပ်က ပိုအားနာသွား၏။ သျှားက မိုးရေအနည်းငယ်ပက်ခံရတဲ့ မဟော်ဂနီရောင်ဆံနွယ်တွေကို စိတ်လှုပ်ရှားစွာ သပ်တင်ကာ ပြုံးလိုက်သည်။

' အဲ့ဒါဆို ဒီမှာစောင့်နေနော်။ ကျွန်တော် ပြန်လာခဲ့မယ် '

ထိုစကားကိုကြားသော် ရိပ်စိတ်ထဲတွင် အမည်မသိသောရင်းနှီးမှုတစ်မျိုးကို ခံစားလိုက်ရသည်။ ငယ်ငယ်က ဆုံခဲ့ဖူးတဲ့ ယောဂီဝတ်ကျောင်းသားလေး၏ အသံကို ပြန်ကြားယောင်လိုက်ရသလို ထပ်တူကျတဲ့ ရင်းနှီးမှုမျိုး။

သံသယတို့နဲ့ ပြည့်နှက်သွားတဲ့ ရိပ်ရဲ့မျက်ဝန်းတွေက သျှားရဲ့ပုံစံကို ထိုကျောင်းသားလေးနဲ့ မှတ်မိသလောက် နှိုင်းယှဉ်ကြည့်မိသည်။ ထိုအရာကိုမသိတဲ့ သျှားကတော့ ပေါ့ပါးသောခြေလှမ်းများဖြင့် ရုံးရှေ့မှ ကားပါကင်ဆီသို့ ခပ်သွက်သွက်ထွက်သွားနေသည်။

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now