Effect 2

142 8 4
                                    

🍁Unicode🍁

ချမ်းအေးလွန်းတဲ့ ဆောင်းရာသီ ညနေခင်းတစ်ခုမှာ မြူခိုးတွေက နေရာအနှံ့ပိန်းပိတ်အောင် ကာရံထားကာ ဝင်လုဆဲနေရောင်ကလည်း ပတ်ဝန်းကျင်ကို ကောင်းကောင်းအလင်းမပေးနိုင်တော့။နေရောင်ပျောက်လာတာနဲ့အမျှ တစ်စတစ်စတိုးလာတဲ့ အအေးဒဏ်ကြောင့် လမ်းမပေါ်မှာ လူသူကင်းရှင်းပြီး တိတ်ဆိတ်နေသည်။လိပ်ပြာတောင်ကုန်းလို့ လူအများကခေါ်ကြတဲ့ ချောက်နက်ကြီးရှိတဲ့ တောင်ကုန်းပေါ်မှာတော့ လူနှစ်ယောက်ဟာ တစ်ယောက်လက်ကို တစ်ယောက်မြဲမြံစွာ ဆုပ်ကိုင်ထားရင်း ချောက်ကမ်းပါးစောင်းဆီကို အသက်လုပြီး ပြေးနေကြသည်။

တောင်စောင်းထိပ်မှာရှိနေတဲ့ ကြီးမားလှပတဲ့စိန်ပန်းပြာပင်အိုနှစ်ပင်မှ ပွင့်ဖတ်တို့က အအေးဒဏ်ကြောင့် ခြောက်သွေ့အေးစက်ကာ တောင်ကုန်းတစ်လျှောက်သို့ လေတိုက်တိုင်း လွင့်မျောလာသည်။အအေးဒဏ်က တိုးလာတာနဲ့အမျှ ပိုတင်းကြပ်လာတဲ့လက်တစ်စုံက နောက်ထပ်ဆုပ်ကိုင်ခွင့်မရတော့မှာ ဆိုးသည့်အလား သူတို့ရဲ့ဝိဉာဉ်နှစ်ခုကိုပါ ပေါင်းစည်းထားသလို ခိုင်မြဲလွန်းနေသည်။

ခြေထောက်တွေက နောက်တစ်လှမ်းလှမ်းဖို့ပင် အနိုင်နိုင် မောဟိုက်နေပေမယ့် သူမတို့ ဆက်ပြေးနေရသည်။လွတ်လပ်အေးချမ်းမယ့်နေရာတစ်ခုဆီသို့...နောက်ထပ်သွေးစွန်းခြင်းတွေ မရှိတော့မယ့် အေးချမ်းရာသို့...မုသားတွေကင်းတဲ့ ချစ်ခြင်းရှိရာသို့...

နီးကပ်လာတဲ့ စိန်ပန်းပြာပင်နဲ့အတူ စိန်ပန်းပြာပွင့်တို့က သူမပါးကို တစ်ခါတစ်ရံ ပွတ်တိုက်ကျီစယ်လာသည်။အရင်ကလို နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့တော့မဟုတ်။ခရမ်းပြာ‌ေရာင် ပွင့်ချပ်တို့က ရေခဲတမျှအေးစက်တဲ့ မရဏအငွေ့အသက်တွေနဲ့ သူမအသားကို လာထိတွေ့ကြသည်။စိန်ပန်းပြာတို့က သူမနားမှာ ပျံဝဲနေသည်မှာ သေခြင်းတရားက သူမနားမှာ ရစ်ပတ်လိုက်တဲ့အတိုင်း ကြက်သီးထလာသည်။

' ကြေးမုံ!!! '

ရင်းနှီး‌ေနတဲ့နာမည်တစ်ခု . . . ရင်းနှီးနေတဲ့ အသံတစ်ခု . . . ပြီးတော့ ရင်းနှီးပြီးသား နာကျင်မှုတစ်ခု . . .

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now