Effect 17

51 3 8
                                    

🕰️Unicode🕰️

' မမ ဒီမှာ ဘာလာလုပ်တာလဲ '

ညကြီးမင်းကြီး အကြောင်းမကြားဘဲ မိုးရေများစိုရွှဲကာ အိမ်ရှေ့ရောက်လာတဲ့ မဒီရိပ်ကို သျှားက အံ့ဩမှင်သက်စွာ မေးလာသည်။ ရိပ် အေးစက်တုန်ရီနေသည့်ကြားမှ သူမလက်ထဲမှ ဖိုင်အဝါကို ကျစ်ကျစ်ဆုပ်ကာ နှုတ်ခမ်းဖျားမှ မေးခွန်းများစွာကို မြိုသိပ်ထားရသည်။

မင်း ဘာလို့ ဦးတင်ထွေးအိမ်ကို သွားတာလဲ။

သေသွားတဲ့ဦးတင်ထွေးရဲ့လက်ထဲမှာ ဘာလို့ မင်းလိပ်စာကတ်က ရှိနေတာလဲ။

မင်း ရိပ်က မမြတ်လေးရုံအမှုရဲ့မျက်မြင်သက်သေဆိုတာကို သိတယ်။ ရိပ် ထွက်ဆိုထားသလို သတ်သေတာမဟုတ်ဘူးဆိုတာလည်း သိတယ်။ ရိပ်က လူသတ်သမားကို မြင်လိုက်တယ်ဆိုတာလည်း သိတယ်။ ရိပ်မြင်ရဲ့သားနဲ့ အမှန်တရားကိုဖုံးကွယ်ထားတာလည်း သိတယ်။ အကုန်လုံးကို မင်း သိရဲ့သားနဲ့ ရိပ်ရှေ့မှာ လိမ်ညာပြီး မသိချင်ယောင်ဆောင်နေခဲ့တယ်။

ဘာဖြစ်ရပ်ဆိုးမှ မကြုံဖူးတဲ့ လူတစ်ယောက်လို၊ ဘာနာကျည်းမှုမှ မခံစားဖူးတဲ့ လူတစ်ယောက်လို၊ ဘာအမုန်းတရားမှ မရှိတဲ့ လူတစ်ယောက်လို...ရိပ်ကိုပဲ ပြုံးကြည့်နေတတ်တဲ့ လူတစ်ယောက်လို၊ ကြေးမုံကိုပဲ ကြင်နာပေးတဲ့ လူတစ်ယောက်လို၊ နောက်ပြီး ယုံကြည်လို့ရမယ့် လူတစ်ယောက်လို။

' မင်း ဘယ်သူလဲဆိုတာ ရိပ် သိတယ် '

သျှားရဲ့မေးကြောတို့က တင်းခနဲဖြစ်သွားသည်ကို ဖြတ်ခနဲ တွေ့လိုက်ရသည်။

' ရိပ် ဘယ်သူလဲဆိုတာလည်း မင်း သိတယ်မလား သျှား '

' မမ ဘာပြောချင်တာလဲ။ ကျွန်တော် နားမလည်ဘူး '

ရိပ်က မျက်နှာသေဖြင့် ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ ဖိုင်အဝါကို သျှားမျက်နှာထက်သို့ ပစ်ပေါက်လိုက်၏။

' ဟန်ဆောင်ရတာ ပျော်ဖို့ကောင်းနေလား...ဟမ်? မင်းပျော်နေပေမယ့် ငါကတော့ လိုက်မကစားပေးနိုင်တော့ဘူး သျှား။ ငါ အရမ်းပင်ပန်းနေပြီ '

သျှားက အမူအရာကင်းမဲ့စွာ ရိပ်ကို ငေးကြည့်ရင်း ငြိမ်သက်သွားသည်။ ဘေးအခန်းမှ လူတစ်ယောက်က ရိပ်အော်လိုက်တဲ့အသံကြောင့် တံခါးအသာဟကြည့်ပြီး အခြေအနေကိုအကဲခတ်ကာ ပြန်ပိတ်သွား၏။ ရိပ်က ထိုလူ ရိပ်ကိုမြင်သွားတာ သေချာမှ ဒေါသများကို ပြန်ထိန်းချုပ်ရင်း သျှားကို တစ်လုံးချင်း ပြောလိုက်သည်။

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now