💜Unicode💜
ရုံးပြန်တက်တဲ့နေ့တွင် ဆရာကြီးက မဒီရိပ်တို့ကို အစည်းအဝေးခေါ်ပြီး fire alarmမြည်တဲ့နေ့ကကိစ္စကို ခေါ်အသိပေးသည်။ ထိုနေ့က ရိပ်တို့ရုံးရှိရာအဆောက်အဦးတွင် မီးမလောင်ခဲ့ပါ။ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ရိပ်တို့အထပ်က alarmကို မြည်အောင် လုပ်လိုက်သည်ဟု စုံစမ်းစစ်ဆေးတဲ့လူများက ပြန်ပြောသည်။ CCTVတွေကို လုံခြုံရေးနဲ့ပူးပေါင်းပြီး စစ်ဆေးပေမယ့် တရားခံကို မမိသေးတာကြောင့် ဆရာကြီးက အားလုံးကို သတိထားဖို့မှာသည်။ နောက်ပြီး တကယ်မီးလောင်ခဲ့လျှင် ဒီလိုသရုပ်မပျက်ဘဲ အထက်က သေချာတဲ့သတင်းတစ်ခုကို စောင့်ပြီးမှ စနစ်တကျ လှုပ်ရှားရန်လည်း သင်နေသည်။
ရိပ် နားထောင်နေရင်းနဲ့ ခုံအောက်မှ သူမလက်သည်းများ အသားတွင်နစ်ဝင်သွားသည့်ထိ လက်သီးကိုဆုပ်ထားမိသည်။
ထိုနေ့က လူသတ်သမားကို ရိပ် ဖုန်းပြန်ခေါ်တဲ့အချိန်မှာ ပထမတစ်ကြိမ် ရုံးထဲမှာ ဖုန်းသံကိုကြားလိုက်ပြီး ဒုတိယတစ်ကြိမ် ဖုန်းအသံက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကော်ရစ်တာဘက်က ထွက်လာခဲ့သည်။ ရိပ် အသံကြားရာသို့ ချဉ်းကပ်လာချိန်မှာပဲ ကော်ရစ်တာနားရောက်တော့ fire alarmက ထမြည်ခဲ့သည်။ ထိုအချိန်မှာ လူတိုင်းက ဖုန်းကိုင်ကာ ကော်ရစ်တာကို ပြေးထွက်လာတာကြောင့် ဘယ်သူ့ဖုန်းကထွက်တဲ့အသံမှန်းမသိ၊ ဘယ်သူက အရင်ကြိုရောက်နေတာမှန်းမသိတော့ဘဲ အကုန်ရောထွေးကုန်သည်။ ရိပ် နောက်ဆုံး ဖုန်းမြည်သံလာရာကို ရှာတွေ့ချိန်မှာတော့ လူသတ်သမားက fire alarmမြည်နေတာတောင် ထွက်မသွားသေးဘဲ ရိပ်ကို ကြည့်နေခဲ့သည်။
လူသတ်သမားက တကယ်မီးမလောင်နေဘူးဆိုတာကို သိနေတာလား။ သူကိုယ်တိုင် fire alarmကို မြည်အောင်လုပ်ခဲ့တာမို့လို့ ရိပ်ကို ရပ်ကြည့်နေရဲတာလား။
လူသတ်သမားက ဘာလို့alarmသံမြည်အောင် လုပ်တာလဲကို စဉ်းစားရင်း တစ်ခုကိုသတိပြုမိသွားကာ ရိပ် လက်တွေအေးစက်သွားတော့သည်။
လူသတ်သမားက ရုံးကဝန်ထမ်းတစ်ယောက်ပဲ...
ရုံးကဝန်ထမ်းမို့လို့ ပထမအကြိမ် ဖုန်းအသံမပိတ်ထားမိဘဲ ရိပ်ကြားသွားတော့ အမြန်အပြင်ကို ထွက်သွားတယ်။ ဒုတိယအကြိမ် ဖုန်းခေါ်တော့ သူ့နောက်ကိုလိုက်လာတဲ့ ရိပ်ကြောင့် သူ့ကိုသိသွားမှာဆိုးပြီး တစ်နေရာရာမှာ ချက်ချင်းသရုပ်ဖျက်လိုက်တယ်။ ရုံးကဝန်ထမ်းမို့လို့ပဲ CCTVရဲ့နေရာ၊ blind spotတွေကို သိနေပြီး ကော်ရစ်တာက alarmကို အလွယ်လေးဖွင့်လိုက်တယ်။ နောက်ပြီး ရိပ်မမှတ်မိအောင် လူအုပ်ကြားမှာ ဝင်ရောလိုက်တယ်။
YOU ARE READING
ခရမ်းရင့်ရောင်သက်ရောက်မှု
Romanceလိပ်ပြာတောင်ပံတစ်စုံရဲ့ လှုပ်ခတ်မှုက ကမ္ဘာရဲ့အခြားတစ်ဖက်မှာ မုန်တိုင်းတစ်ခုအနေနဲ့ သက်ရောက်နိုင်တယ်ဆိုရင်... စိန်ပန်းပြာပွင့်ဖတ်လွှာပေါ် ကျရောက်လာတဲ့ အနီရောင်သွေးတစ်စက်ဟာ လူသားလေးယောက်ရဲ့ ဘဝကို ဗြောင်းဆန်စေမယ့် ခရမ်းရောင်သက်ရောက်မှုတစ်ခုပဲ။ If the Bu...