ကားပေါ်မှာ နှစ်ယောက်လုံးအိပ်ပျော်သွားကြတာ ကားရပ်မှပဲ နိုးလာကြတယ်။ နှစ်နာရီးနီးပါး ကားစီးလာရလို့ ညောင်းချိနေကြပြီဖြစ်ရာ ရှောင်းကျန့်က ရိပေါ်လက်ထဲကသူ့လက်ကိုရုန်းထွက်ပစ်တယ်။ ရိပေါ်ဆီမှာ ဖြူစင်မှုတွေမခံစားရတော့ဘူး။ အဲ့တာဟို video တွေကြည့်လို့ပဲဖြစ်မှာ။ မှတ်လောက်အောင်တော့ ထားရမယ်။
တစ်လမ်းလုံးအိပ်ထားတာမို့ ရှောင်းကျန့်ရဲ့ဆံပင်ကွေးကွေးတွေက ပွယောင်းယောင်းဖြစ်နေတယ်။ ကော်ရုပ်လေးအတိုင်းပဲ ချစ်စရာကောင်းလို့ ရိပေါ်ပြုံးလိုက်မိပြီး ရှောင်းကျန့်ဆံပင်လေးတွေကို သပ်တင်လိုက်တယ်။
"မလိုပါဘူး။ ကိုယ့်ဘာသာလုပ်လို့ရတယ်။"
"အာ..."
ရိပေါ်ကအကျင့်ပါသွားတာဖြစ်ပြီး ရှောင်းကျန့်ခပ်တည်တည်ပြောလိုက်တော့ မျက်နှာလေးညိုးသွားတယ်။ ရှောင်းကျန့်ကတော့ ဘာမှမဖြစ်သလိုပဲ သူ့မျက်မှန်ကြီးကို ကောက်တတ်ကာ ကားပေါ်ကဆင်းဖို့ပြင်လိုက်တယ်။
ဘာအပို ပစ္စည်းအပိုမှ မပါပဲကျောပိုးအိတ် တစ်ယောက်တစ်လုံးနဲ့ သူတို့နှစ်ယောက်က နှင်းဆီမြိုင် ၂ လမ်းသို့ဦးတည်ဝင်လာတယ်။ ဝင်ဝင်ချင်းရှောင်းကျန့်ကတော့ ထူးဆန်းတဲ့ခံစားချက်ခံစားရတယ်။ စိမ်းသက်မနေပဲ လွမ်းမောစရာခံစားချက်။ အရင်က ဒီကိုရောက်ဖူးတဲ့ခံစားချက်။ ရိပေါ်ကတော့ လှမ်းနေတဲ့ခြေလှမ်းတွေ တွန့်ဆုတ်သွားခဲ့တယ်။ အိမ်မှာတွေးခဲ့သလို တစ်ခြားစီ ခံစားချက်က။
9A ခြံရှေ့ကိုရောက်တော့ အိမ်ကတော်တော်လေးအိုဟောင်းနေပြီ။ ပြင်ဆင်ထားချင်းလည်းမရှိ။ အဲ့လိုပဲ ဒီနားတစ်ဝိုက်ကအိမ်တွေအကုန် ယိုယွင်းနေကြတယ်။ လူတွေမနေ တော့တာဖြစ်မယ်။
ရိပေါ်ကခြံရှေ့မှာ ခြေစုံရပ်ပြီး ဇောချွေးတွေပျံလာတယ်။ ခုချိန်မှာ သူတို့ကိုလာနှုတ်ဆက်တဲ့သူ ၊ ပန်းရောင်းတဲ့သူ အဲ့တာတွေကို ပြန်တွေ့မှာကြောက်နေတယ်။ သရဲကြောက်တာမဟုတ်ပဲ အဲ့ဒီလူတွေနဲ့ တစ်ဘဝတည်းဖြစ်နေမှာကိုကြောက်တာ။
"အထဲမဝင်ဘူးလား။"
"ပြန် ပြန်တော့မယ်။"
ရိပေါ်ပုံစံကအပျက်ပျက်အယွင်းယွင်းဖြစ်နေတာမို့ ရှောင်းကျန့် သူ့ပုခုံးကိုဖွဖွကိုင်လိုက်တယ်။