သက်ငြိမ် အိမ်ရှေ့ရောက်သည်နှင့် ကလေးငိုသံ တဝါးဝါးက ဆီးကြိုလျက်သားပင်။ ညအချိန်ဖြစ်၍ သက်ငြိမ်က မကောင်းသည့်အရာများကပ်ပါလာမည်ကိုစိုးကာ 'ဖတ်ဖတ်ဖတ်' လုပ်လိုက်သည်။
ထို့နောက်သူက အိမ်ပေါ်သို့တက်သွားလေသည်။မြင့်နိုင်က တဝါးဝါးငိုနေသော သမီးဖြစ်သူကို ရင်ခွင်ပိုက်ကာ ချော့မြူနေသည်။
ဒေါ်မြသက်မှာ နွမ်းလျနေသော သက်ပုအနား ထိုင်ရင်း ခြေဆုပ်လက်နယ်ပြုနေသည်။ သက်ညှာမှာ မြင့်နိုင်ဘေး တကောက်ကောက်လိုက်ရင်း တူမသေးသေးနီတာရဲလေး ငိုနေသည်ကို တတ်သလောက်မှတ်သလောက်ဖြင့် လိုက်ချော့သည်။" အမေ သက်ပု အခြေအနေဘယ်လိုလဲ "
" ခဏမှိန်းနေတာ သား "
" ကလေးက ဘာလို့ ဒီလောက်ငိုနေတာလဲ "
" သူ့အမေနဲ့ တူလို့နေမှာပေါ့အေ "
ဒေါ်မြသက်အပြောမှာ သက်ငြိမ်က ပြုံးရင်း တူမဖြစ်သူကို ငုံ့ကြည့်သည်။ မျက်စိပေါက်ပိတ်အောင် အာခေါင်ခြစ်ငိုနေသော သံယောဇဉ်ကလေးမှာ အသည်းယားစဖွယ်။
" ပုကလေးမွေးခါစကလည်း သုံးရက်ဆက်တိုက် ငိုတာ သိလား မြင့်နိုင် "
" ဟုတ်လား ခုလည်း သက်ပု နို့တိုက်တာ လုံးဝမစို့ဘူး။ ယောက်ဖသွားကတည်းက ငိုနေတာ ခုထိပဲ "
" နို့လုံးဝမစို့သေးဘူးလား "
" ဟုတ်တယ် ကိုကို ၊ တူမလေးက နို့ဆာလို့ငိုတာလား မသိဘူး "
" ကလေး ဒီကိုပေး "
သက်ငြိမ်က မြင့်နိုင်လက်ထဲမှ ကလေးကို ချီယူကာ သက်ပု လှဲနေသည့်ဘေး ထိုင်ချသည်။
" ပုကလေး ၊ သမီးလေးကို နို့တိုက်လိုက်ဦး "
သက်ပုက မှိန်းနေရာမှ မျက်လုံးပွင့်လာပြီး ကလေးကို ရင်ခွင်ထဲသွင်းကာ နို့တိုက်တော့ ကလေးက တော်တော်နှင့်မစို့လာဘဲ ဂျီကျနေသေးသည်။ ခဏကြာမှ အငိုတိတ်ကာ နို့ကောင်းကောင်းစို့လေသည်။
" မစို့ချင်တာလည်း မဟုတ်ဘဲ ဂျီကျနေတယ် ကြည့်စမ်း ကောင်မစုတ်ကလေး "
သက်ညှာက နီတာရဲလေးကို အသည်းယားဟန်ဖြင့် ဆိုတော့ အားလုံးက တပြုံးပြုံး။
![](https://img.wattpad.com/cover/369410262-288-k258870.jpg)
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။