" ဆေးဝယ်ချင်လို့ပါဗျ "
မနက်ခင်းစောစောတွင် လွင်မင်းမောင်သည်
' တစ်သက်တာ ' ဆေးဆိုင်ရှေ့တွင် ဘူတာဆိုက်နေလေပြီ။ ပြသနာများပြီးစီးကျေလည်သွားပြီးကတည်းက ခင်ထားရီသည် သက်ငြိမ်ရှိရာ ခြေဦးပင်မလှည့်တော့သလို ကြည်ကြည်နှင့်ပါ မတွေ့ဆုံဖြစ်ကြတော့။ ထိုအစား တစ်နှစ်ကြာပျောက်ချက်သားကောင်းနေခဲ့သော လွင်မင်းမောင်က သက်ငြိမ်ထံပါး ခိုနားနေတော့သည်။ဒေါ်မြသက်မှာ မနက်၊နေ့လယ်၊ညနေ တစ်ရက်ကိုသုံးကြိမ်ထက်မနည်း အိမ်နားဝဲနေသော ပျားမောင်မောင်အား မကြည်ဖြူချင်လှပါ။ အလုပ်အကိုင်မရှိသည့်အပြင် ပညာရေးတစ်ပိုင်းတစ်စဖြင့် အနှီတေလေဂျပိုးအား သူ့သမီးအငယ်ဆုံးကလေး သက်ညှာနှင့် ငြိစွန်းသွားမည်ကို စိုးထိတ်နေလေသည်။
သို့သော် သားဖြစ်သူကို ကူညီထားသည့်အခံရှိနေ၍ ငြိုငြင်ဟန်လည်းမပြဝံ့ပါဘဲ လျစ်လျူရှုကာနေလေသည်။သက်ညှာကိုမူ အိမ်ပေါ်ထပ်တွင်နေစေပြီး သက်ငြိမ်အားလျှင် ဆိုင်ထိုင်ခိုင်းတတ်ကာ သမက်မဖြစ်ရရေးကို ကြိုတင်ကာကွယ်ထားသည်။ ဒေါ်မြသက်မသိတာက လွင်မင်းမောင် ချိန်နေသည့်မျှားက ဘယ်ကိုဦးတည်နေလဲ ဆိုတာကိုပင်။
" မောင့်သက်ငြိမ် "
" ... "
" မောင့်အသက် "
" ... "
" မောင့်အချစ် "
" ... "
" မောင့်အမျိုးသား "
"..."
" ဟောဗျာ မောင်ခေါ်နေတယ်လေ။
ထူးပါလားဗျာ "သက်ငြိမ်မှာ ဆေးဘူးများကို သေချာစီနေရင်း အလုပ်ရှုပ်ဟန်ဆောင်ကာ လွင်မင်းမောင်အား ငဲ့၍ပင်မကြည့်လာပါ။ သို့သော် သေချာကြည့်ပါက သက်ငြိမ်၏ နားရွက်နောက်ဖျားတို့ နီစွေးနေသည်ကို မြင်ရပါမည်။
" ရော့ ဒီမှာ "
လွင်မင်းမောင်က ကောင်တာထက်သို့ သူ၏ ပတ်စပို့ဓာတ်ပုံအသေးလေးကို တင်လိုက်တော့ သက်ငြိမ်က လှမ်းကြည့်သည်။
" ကိုယ်က ဘာလုပ်ရမှာလဲ "
" အပန်းမကြီးရင် မောင့်ဓာတ်ပုံလေး ခင်ဗျားပိုက်ဆံအိတ်ထဲ သိမ်းထားပေးပါလား "
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။