ညနေလေးနာရီထိုးပြီဖြစ်၍ သက်ငြိမ်တစ်ယောက် အညောင်းအညာဆန့်ရင်း အကြောအချဉ်ဖြေကာ ထိုင်ခုံမှထရပ်လိုက်သည်။
လုပ်လက်စများကို လက်စသပ်ပြီးသည်နှင့် သက်ငြိမ်မှာ ရုံးရှေ့ကိုထွက်လာသည်။ ရုံးဝန်းတံခါးရှေ့ရှိ အုတ်ခုံပေါ်မှ လူရိပ်ကို မြင်သည်နှင့် သက်ငြိမ်မှာ ကျစ်ခနဲ စုပ်သပ်လိုက်သည်။
လွင်မင်းမောင်သည် သက်ငြိမ်ရုံးဆင်းချိန်တိုင်း ထိုအုတ်ခုံတွင် နေပူပူ၊မိုးရွာရွာ ထိုင်စောင့်နေတတ်သည်။သက်ငြိမ်ထွက်လာသည်နှင့် လွင်မင်းမောင်က ထရပ်ကာ အပြုံးနှင့်ကြိုဆိုသည်။
ရှပ်အမှိုင်း၊ဂျင်းအဖျော့နှင့် အနှီလူက ပုံမှန်ထက် နွမ်းလျဖျော့တော့နေလေသည်။" မင်း နေမကောင်းဘူးလား "
" အာ "
လွင်မင်းမောင်က အာမေဋိတ်သံတစ်ခုပြုကာ တိတ်ဆိတ်သွားတော့ သက်ငြိမ်က သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လာသည်။
လွင်မင်းမောင်က အသားလတ်သော်လည်း အနည်းငယ်ညိုသည့်ဘက်ကိုသွားသည်။ ပုံမှန် ညိုသော သူ့နှုတ်ခမ်းများက ယခုမူ ခပ်ဖျော့ဖျော့ဖြစ်နေပြီး မျက်ခမ်းစပ်တို့ကလည်းခပ်ရဲရဲဖြစ်နေသည်။သက်ငြိမ်က သတိလက်လွတ်ဖြင့် လွင်မင်းမောင်နဖူးထက်သို့ လက်ဖမိုးတင်လိုက်သည်။
လွင်မင်းမောင်က အံ့ဩနဘန်းဖြင့် မျက်ခုံးပင့်ကြည့်လာသည်။" ကျစ် !! ဖျားနေတာပဲ "
လွင်မင်းမောင်က ပုံမှန်နှင့်မတူဘဲ ငြိမ်ဆိတ်၍သာနေသည်။ ဤသည်ကပင် သက်ငြိမ်ကို နေရခက်စေသည်။
" လာ မင်းလိုက်ခဲ့ "
သက်ငြိမ်က ရှေ့မှ ထွက်သွားတော့ လွင်မင်းမောင်က နာနာခံခံပင် နောက်ကလိုက်သွားသည်။ သို့သော် ခဏပင်။ ရုတ်တရက် သက်ငြိမ်၏နောက်ကျောသို့ လွင်မင်းမောင် ကိုယ်လုံးက ပြေးကပ်သွားသည်။
သက်ငြိမ်မှာ လန့်ဖျပ်သွားသော်လည်း ချက်ချင်း ကိုယ်ကိုလှည့်ကာ သူ့နောက်ကလူကို ထိန်းဖက်လိုက်သည်။" ဟေ့ မင်း "
လွင်မင်းမောင်၏ မျက်ခုံးတန်းတို့စုကျုံ့နေပြီး မျက်ဝန်းများပါ မှေးမှ်ိတ်နေသည်။သက်ငြိမ်က အုတ်ခုံသို့ပြန်ကာ တွဲလျှောက်လာရင်း နှစ်ယောက်စလုံးဝင်ထိုင်သည်ထိ လွင်မင်းမောင်မှာ မျက်လုံးသေချာမဖွင့်နိုင်သေး။
အဖျားကြောင့်ခေါင်းကိုက်နေသည်လား၊မူးဝေနေခြင်းလား သက်ငြိမ်ဝေခွဲမရဖြစ်နေစဉ်မှာပင် လွင်မင်းမောင်အား ထိန်းဖက်ထားသည်ကိုလည်း မလွှတ်မိ။
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။