နေ့လယ် ၂နာရီဖြစ်၍ တစ်ရုံးလုံးက အီနေကြပြီဖြစ်သည်။ လိုနေသည်က လက်ဖက်ရည်ချိန် ကိုပင်။ ရုံးစာရေး မသီတာက ထိုင်နေရာမှ ခါးကြောဆန့်လိုက်ပြီး ထရပ်ကာ သူ့အသံစူးစူးဖြင့် တစ်ရုံးလုံးကြားအောင် အော်လိုက်သည်က
" လက်ဖက်ရည်ဘယ်သူမှာမလဲဟေ့ "
ပညာရေးမှူးရုံးရှေ့ရှိ ' စိတ်တိုင်းကျ ' လက်ဖက်ရည်ဆိုင်က သူတို့အားလုံး၏ အသည်းစွဲပင်။
သက်ငြိမ်က လည်ပင်းကို ခပ်ဖွဖွဖိညစ်၊မျက်ကြောတို့ကိုပါ နှိပ်လိုက်ပြီးမှ မသီတာရှိရာ အကြည့်ပို့ရင်း လှမ်းပြောလိုက်သည်။
" ကျွန်တော့်အတွက် ကျဆိမ့်တစ်ခွက် ဆွဲခဲ့ပါဗျို့ "
သက်ငြိမ်က လက်ဆစ်တို့ကို တဖျောက်ဖျောက်မြည်အောင် ချိုးလိုက်သည်။ သူ့တွင်ထိုအကျင့်စွဲရှိသော်လည်း လက်ချောင်းရှည်သွယ်သူဖြစ်၍ လက်ဆစ်ကြီးနေသည်က ကြည့်ရဆိုးမသွားစေပါ။
ထိုအချိန်တွင် တစ်ရုံးလုံး၏အာရုံကို အပြင်မှဝင်လာသူတစ်ဦးက နှိုးဆွလိုက်ပြန်သည်။
" ဝါးတီးဗျို့ "
ဝင်လာသူမှာ ရုံးဝန်ထမ်း ကိုသိန်းထွန်းမောင် ဖြစ်ပြီး သူ့လက်ထဲတွင်လည်း အိတ်ကြီးကြီးတစ်အိတ် ကိုင်လျက်သား။
" ဟာ ကိုကြီးသိန်းထွန်း ဘုန်းကြီးဝတ်တော့မို့လား "
ရုံးမှအငယ်ဆုံးလေး ခင်ထားရီက ဝင်နောက်တော့ တစ်ရုံးလုံး ရယ်သံတို့ဆူညံသွားသည်။
" ဒါကြောင့် ဒီနေ့ ရုံးမလာတာကိုး ထားက နေမကောင်းဘူးထင်နေတာ "
" မဟုတ်ပါဘူးကွာ မင်းကိုကြီးက ထောင်ကျတော့မှာကွ "
" ရှင် "
" အိမ်ထောင်လေ အိမ်ထောင် အားလုံးပဲ ဒီမှာ ဖိတ်စာပါခင်ဗျာ "
" ဟေ ... သိန်းထွန်းကြီး စွံပလားဟ "
" အံ့ရောဟယ် ရည်းစားရှိတယ်လည်း ငါဖြင့် မကြားမိပါလား "
" ကျွန်တော်ရောပဲ အစ်မရေ "
သက်ငြိမ်နှင့်တကွ တစ်ရုံးလုံး အံ့တဩဩ။
သိန်းထွန်းမောင်က သွားကြီးအဖြီးသားဖြင့် တဟဲဟဲရယ်ကာ လူစေ့ ဖိတ်စာလိုက်ဝေနေသည်။
YOU ARE READING
မောင့်သက်ငြိမ်
Romantikမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။