အပိုင်း ၇

84 3 5
                                    

" မောင်ဝယ်ပေးတဲ့ဖိနပ် ပြန်ပေးပါလား
မောင့်သက်ငြိမ် "

မိုးသည်းသည်းနေ့ပြီး နောက်နှစ်ရက်အကြာတွင် လွင်မင်းမောင်သည် သက်ငြိမ် ရုံးဆင်းချိန်ကိုစောင့်၍ အတူလျှောက်ရင်းမှ ဤသို့ဆိုလာလေသည်။ လွင်မင်းမောင်သည်
သက်ငြိမ် စီးထားသည့် နီညိုရောင်သဲကြိုးပါ သားရေစိမ်းဖိနပ်ကိုလည်း ခဏခဏ ငုံ့ငုံ့ကြည့်နေပါသေးသည်။

" အာ ... "

သက်ငြိမ်က အံ့ဩသွားပြီး သူ့မျက်နှာထက်တွင် နေရခက်သွားသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။

လွင်မင်းမောင်က ဤသည်ကိုမြင်သည်နှင့် အလျင်စလိုရှင်းပြလာသည်။

" မောင်ပြောချင်တာကလေ ... ချစ်ရသူကို ဖိနပ်ပေးရင် ဝေးရတယ်ဆိုလို့ အဲ့ဒီလိုမျိုး မောင်ကကြားလာတာနဲ့ ။ မောင့်အပြစ်တွေပါ ဝယ်ပေးမိတဲ့ မောင်ကိုကမှားတာမို့ မောင်က နောက်ထပ်လက်ဆောင်လေးတစ်ခု ပြင်လာခဲ့တယ် "

လွင်မင်းမောင်က သူ့လက်ထဲမှ ဘူးလေးကို သက်ငြိမ်ရှေ့ တိုးပေးလိုက်သည်။
သက်ငြိမ်မှာ လမ်းသွားရင်း ခလုတ်တိုက်ပင်လဲမတတ်။

" ဘာလဲ "

" ဖွင့်ကြည့်ကြည့် "

" ဘာမှန်းမသိပေမယ့် လက်မခံချင်ဘူး ။ မင်းနဲ့ကိုယ့်ကြားမှာ လက်ဆောင်ပေးရလောက်တဲ့ ရင်းနှီးမှုမျိုးမရှိဘူး။ ပြီးတော့ ကိုယ်က ဖိနပ်အတွက် မင်းကိုပိုက်ဆံပြန်ပေးမှာပါ ။ ဒီရက်ပိုင်း မင်းတို့လမ်းဖက် မကြုံလို့ မလာဖြစ်တာ "

" မဟုတ်တာ ပိုက်ဆံပေးစရာမလိုပါဘူး။ ဖိနပ်ပြန်ပေးရင်ပဲရပါပြီ။ "

" အခု ကိုယ်ကအိမ်ပြန်ရဦးမှာလေ "

" ဟုတ်ပြီ မောင် အိမ်အထိလိုက်ယူမယ် "

လွင်မင်းမောင်သည် သက်ငြိမ်၏ အိမ်အထိ အမှန်ပင်လိုက်လာပါ၏။ ဆေးဆိုင်ခန်းတွင် သက်ညှာက စာကျက်ရင်း ထိုင်နေသည်။
သူတို့နှစ်ယောက်ကိုမြင်သည်နှင့် သက်ညှာ၏မျက်ဝန်းများကလက်ခနဲ။

" ကိုကို ပြန်လာပြီလား "

" အင်း ညှာကလေး အပေါ်ထပ်သွားပြီးကျက်လေ ကိုကို ဆိုင်စောင့်ပေးမယ် "

မောင့်သက်ငြိမ်Where stories live. Discover now