ရာသီဥတုသာယာသည့် ညနေခင်းတွင် သက်ငြိမ်သည် သူ့တူမကလေး သံယောဇဉ်ကို ချီကာ လမ်းလျှောက်နေလေသည်။ သက်ငြိမ်မှာ ရှပ်အညိုကို ပုဆိုးနက်ပြာဖြင့်တွဲဝတ်ထား၍ ကျနေရောင်အောက်တွင် ထင်းထင်းလင်းလင်းရှိနေသည်။
သံယောဇဉ်မှာမူ အဝါနုရောင်ဂါဝန်ကလေးဖြင့် သူ၏ဖြူဥလုံးကစ်နေဟန်က အမှန်ဧကန်ချစ်စဖွယ်။" အာဦး အာဦး "
ကလေးက အောက်သို့လျှောဆင်းနေ၍ သက်ငြိမ်က မေးလိုက်သည်။
" မီးမီးလေးက အောက်ဆင်းလျှောက်ချင်လို့လား "
ပလုတ်တုတ်ကလေးလို ခေါင်းညိတ်ပြလာသည့် တူမဖြစ်သူကြောင့် သက်ငြိမ်မှာ ကလေးကိုအောက်ချပေးလိုက်ရသည်။ ကလေး၏ လက်မောင်းရင်းကို ငုံ့ကာထိန်းကိုင်နေရ၍ ရှေ့သို့ အကြည့်မပို့လိုက်နိုင်ချိန်မှာပင် ရင်ခွင်တစ်ခုဆီ သက်ငြိမ်၏ခေါင်းက တိုးဝှေ့မိသွားသည်။
သက်ငြိမ် ခေါင်းမော့ကြည့်လိုက်တော့ စူးရှကြည်လင်သော မျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းဆုံသွားသည်။
" မောင်နဲ့အတူ လမ်းလျှောက်ကြရအောင် "
ထုံးစံအတိုင်း ရှပ်လက်တို၊ဂျင်းဘောင်းဘီဖြင့် လူငယ်ဆန်ဆန် ချောမောနေသော လွင်မင်းမောင်ပင်ဖြစ်ပါသည်။
သက်ငြိမ်မငြင်းနိုင်ခင်မှာပင် လွင်မင်းမောင်က သံယောဇဉ်၏ လက်ကလေးတစ်ဖက်ကို ဆွဲကိုင်ထားနှင့်ပြီ။
" လက်ဖျားကမကိုင်နဲ့ ကလေးလဲရင် အဆစ်လည်ထွက်သွားလိမ့်မယ် "
" ဒါဆို မောင် ဘယ်နားက ကိုင်ရမလဲဟင် "
" လက်မောင်းရင်းက ကိုင် ၊ ဒါနဲ့ မင်းအလုပ်မရှိဘူးလား "
တစ်နည်းအားဖြင့် သက်ငြိမ်က ' မင်း အားယားနေလား ' ဟု မေးလိုက်ခြင်းပင်။
" မောင်အလုပ်ဆင်းပြီလေ "
'မင်းဘာအလုပ်လုပ်နေတာလဲ' ဟု မေးချင်သော်လည်း သက်ငြိမ်မမေးမိပါ။ သူ၏သိချင်စိတ်ကိုပင် ဘာသာ အံ့ဩမိရသည်။
သူဘယ်တုန်းကများ တစ်ပါးသူအကြောင်း စိတ်ဝင်စားသွားတတ်ခဲ့ပါလိမ့်။" အဟေးဟေး "
သံယောဇဉ်ကလေးမှာ သူတို့နှစ်ဦးအလယ်မှ လျှောက်ရင်း ပျော်ရွှင်မြူးထူးနေသည်။ သက်ငြိမ်က တူမဖြစ်သူကိုငုံ့ကြည့်ပြီး ပြုံးသည့်အခါ ခြေလှမ်းမှားသည်အထိ ငေးမောမိသူမှာ လွင်မင်းမောင်ပင်ဖြစ်ပါသည်။
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။