' ကိုကို ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့နာမည်ရှိတယ် မကြိုက်ဘူး သိရဲ့လား
ကိုကိုနဲ့ ကျွန်တော် အရပ်ချင်းတိုင်းကြည့်မလား မီခါနီးပြီ ဒါကလေးလား 'သက်ငြိမ်တို့အိမ်ရှေ့ လမ်းထောင့် အုတ်ခုံတွင် လွင်မင်းမောင်နှင့် ကာလသားတစ်ဖွဲ့က ဂီတာတဒေါင်ဒေါင်ခေါက်ရင်း သီချင်းတစ်ပုဒ်ထဲကို တောင်ရောက်မြောက်ရောက် လျှောက်ဆိုနေကြသည်။ အထူးသဖြင့် ဂီတာပိုက်ရင်း အသားကုန်အော်နေသူမှာ လွင်မင်းမောင် ပင်ဖြစ်ပေသည်။
' ကိုကို ကျွန်တော့်ကို ချာတိတ်လို့ မခေါ်နဲ့ '
" ဟ မင်း ဒီစာသားချည်းပဲဆိုနေတာ ၁၅၆ ခါလောက်ရှိပြီ "
လွင်မင်းမောင်က သီဟ ၏အပြောမှာ ခပ်လွန့်လွန့် ပြုံးလိုက်ရင်း
" ငါက ဒီစာသားကိုပဲကြိုက်တာကွ "
" မင်းဟာက မဟုတ်သေးပါဘူးကွာ "
လွင်မင်းမောင်က ဘာမှမပြောဘဲ သက်ငြိမ်တို့အိမ်ဖက်လှည့်ရင်း ဂီတာတဒေါင်ဒေါင်ခေါက်ကာ အကျယ်ကြီး အော်ဆိုလိုက်ပြန်သည်။
' ကိုကိုနဲ့ ကျွန်တော် အရပ်ချင်း တိုင်းကြည့်မလား မီတာထက်ကျော် ဒါ ကလေးလား '
သက်ငြိမ်တို့အိမ်ကလေးထဲဝယ် ဒေါ်မြသက်မှာ သမီးထွေး သက်ညှာ၏အင်္ကျီဖြူမှ ပြုတ်နေသော ကြယ်သီးလေးကို အပ်ချည်ဖြင့် ချုပ်တွယ်နေသည်။ သက်ပုမှာ ဆယ်လလွယ်ဗိုက် မသက်မသာဖြင့် လှဲနေပြီး၊ သက်ညှာမှာ စာကျက်လျက်၊ မြင့်နိုင်မှာမူ ထုံးစံအတိုင်း အာနိုးတို့ဆိုင်တွင် ရေချိန်လွန်နေလောက်ပြီ။ သက်ငြိမ်မှာ သတင်းစာဖတ်ရင်း တစ်ချက်တစ်ချက် ဒေါ်မြသက်နှင့် စကားဖလှယ်နေပါသည်။
" ဟဲ့ သီချင်းဆိုနေတဲ့ ကောင်ကလေးက မျက်နှာစိမ်းပါလား "
ဒေါ်မြသက်က အပ်ချုပ်ရင်းမှ အညောင်းအညာဆန့်ဟန်ဖြင့် ပြတင်းတံခါးဖွင့်၍ လမ်းထောင့်ကိုအသာချောင်းကြည့်ပြီး ပြောလာခြင်းဖြစ်သည်။ သက်ငြိမ်ကပါ သတင်းစာကိုပိတ်ရင်း ထရပ်ကြည့်တော့ မော့ကြည့်လာသော မျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းဆုံသွားသည်။
လမ်းထောင့်ဆီမှ ခပ်မြူးမြူးသီချင်းတစ်ကြောင်း ထပ်မံ၍ထွက်လာသည်။
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။