အပိုင်း ၈

83 7 1
                                    

ဥတုရာသီနှစ်ခုကိုဖြတ်သန်းပြီးနောက် ဆောင်းနှောင်း၊နွေဦးကာလသို့ပင် ရောက်ရှိလာခဲ့ပြီ။ သက်ငြိမ်တို့အိမ်ကလေးတွင်မူ အိမ်ဆည်းလည်းလေး၏ တစ်နှစ်ပြည့်မွေးနေ့ကရောက်ရှိလာခဲ့သည်။
ယနေ့တွင်ဆေးလာဝယ်သည့်လူတိုင်းကို ပိုက်ဆံမယူပါဘဲ လှူဒါန်းမည်ဖြစ်သည်။

" အာ ဦး အာ ဦး "

သံယောဇဉ်ကလေးသည် ‌‌စာအုပ်ထိုင်ဖတ်နေသော သက်ငြိမ်ကို စကားမပီကလာပီကလာဖြင့် သက်ပုရင်ခွင်ထဲမှ လှမ်းခေါ်နေခြင်းဖြစ်သည်။ သက်ငြိမ်က စာအုပ်ကိုဖျတ်ခနဲပိတ်လိုက်ပြီး သံယောဇဉ်ဖက်သို့လှည့်ပြုံးပြသည်။

" ပင်ပင် တောင့်ပြပါဦး မီးမီးလေး "

သက်ငြိမ်အသံကိုကြားသည်နှင့် သွက်လှသည့်ကလေးက သက်ပုရင်ခွင်မှ ထိုးထောင်ထလာသည်။ သက်ပုက သူ့သမီး၏ချိုင်းကြားနှစ်ဖက်ကိုကိုင်ကာ ထရပ်ပေးပြီး အသာအယာလွှတ်ပေးလိုက်တော့
တောင့်တောင့်ကလေးရပ်နေသည်။

" ဟုတ်ပြီ မီးမီးလေးက တော်လိုက်တာ ဦးဦးဆီ လာပါဦး "

" အာ ဦး အာ ဦး "

ကလေးက တစ်လှမ်းချင်းလှမ်းလာသည်။

" လာလာ ဦးဦးဆီကိုလာ "

" အာ ဦး အာ ဦး "

ဂါဝန်ပန်းရောင်ကလေးဖြင့် ဖြူဥလုံးကစ်နေသော သံယောဇဉ်သည် အမှန်ဧကန်ချစ်စဖွယ်ကောင်းလှသည်။ မျက်လုံးကလေးများမှာ ဖန်ဂေါ်လီလေးလို တလဲ့လဲ့၊မျက်တောင်နက်နက်ကြီးများမှာ ရှည်လျားကော့ညွတ်နေပြီး၊နှာခေါင်းလုံးလုံး၊နှင်းဆီဖူးနှုတ်ခမ်းဖြင့် မြင်သူချစ်သော ကလေးလေးပင်ဖြစ်လေသည်။

" အာ ဦး အာ ဦး "

ခြေလှမ်း ၅လှမ်းခန့်လှမ်းအပြီးတွင် သက်ငြိမ်က သူ့တူမကလေးကို ဆွဲယူပွေ့ဖက်လိုက်သည်။ ပါးဖောင်းအိအိလေးများအား ဘယ်ညာ တစ်လှည့်စီ နမ်းမွှေးတော့ ကလေးက တခစ်ခစ်ရယ်သည်။

" ဘယ်မှာတုန်း မွေးနေ့ရှင် "

ကိုထူးက အိမ်ပေါ်သို့မရောက်ခင်မှာပင် လှမ်းအော်လာသည်။

" အာ ထူး အာ ထူး "

ကလေးက လူကိုမမြင်ခင်မှာပင် ရွှင်မြူးစွာခေါ်လေသည်။ ကိုထူးက ‌ချီပိုးစ‌နောက်လိုက်သည်နှင့် အိမ်ထဲတွင် သူ့အသံညံတော့သည်။

မောင့်သက်ငြိမ်Where stories live. Discover now