အပိုင်း ၁၂

81 4 1
                                    

ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တွင်ဖြစ်သည်။
ခင်ထားရီနှင့်သူ၏ အစ်ကိုသုံးယောက်၊ သက်ငြိမ် နှင့် သူ၏မိသားစုဝင်များ၊ လွင်မင်းမောင်နှင့် အာနိုး တို့က အုပ်ချုပ်ရေးမှူးနှင့် မျက်နှာချင်းစုံညီကာထိုင်နေကြသည်။
ခင်ထားရီ၏ အစ်ကိုသုံးယောက်မှာ လွင်မင်းမောင်အား ရှုံးမဲ မဲချင်နေသည်။ လွင်မင်းမောင်၏ မျက်လုံးများက သတ်ဖြတ်ချင်ဟန် စူးရဲခက်ထန်နေပြီး
သက်ငြိမ်တစ်ယောက်သာ ဒေါသအခိုးအငွေ့တို့ ကင်းစင်စွာ ပကတိတည်ငြိမ်လျက် ရှိသည်။

" အဟမ်း "

အုပ်ချုပ်ရေးမှူး ဦးဖေသန်းက စကားစမည့်ဟန်ဖြင့် ချောင်းဟန့်လိုက်သည်နှင့် လေထုအနေအထားက ပိုမိုငြိမ်သက်သွားသည်။

" ကဲ တိုင်ချက်ဖွင့်ထားတဲ့ မောင်အုန်းမြင့်က ဖြစ်စဉ်ကိုအရင်ပြောပါ "

မောင်အုန်းမြင့်ဆိုသူမှာ ခင်ထားရီ၏ အစ်ကို အကြီးဆုံးပင်ဖြစ်သည်။ ထိုသူမှာ ဘယ်လက်ကို ကျောက်ပတ်တီးကိုင်ထားရပြီး ညာလက်မှာလည်း ပတ်တီးဖြင့်ရှိနေကာ မျက်နှာတစ်ပြင်လုံး ဝက်ခေါင်းလို ဖူးဖူးယောင်နေလေသည်။

ထိုသူသည် လွင်မင်းမောင်က သူတို့ညီအစ်ကိုများအား ဘယ်သို့ဘယ်ပုံတိုက်ခိုက်ခဲ့သည်အား မြင်သာရှင်းလင်းအောင် ပြောဆိုပြီး သက်ငြိမ်အား ရန်စခဲ့သည့်အပိုင်းကိုမူ ထိန်ချန်ထားလေသည်။

သူပြောသမျှကို ကျန်နှစ်ယောက်ကလည်း ဝိုင်းဝန်းကူညီ ထောက်ပံ့ပြောနေလေရာ အမှန်ပင်နစ်နာသူများလို၊တကယ်လည်း သုံးယောက်လုံးထံတွင် မြင်မကောင်းအောင် ဒဏ်ရာတို့ပြည့်နှက်လျက်သားပင်။

" သူတို့သုံးယောက်ကို ဒီလိုဒဏ်ရာတွေရအောင် တိုက်ခိုက်ခဲ့တာ ဟုတ်သလား မောင်ရင် "

" ဟုတ်တယ် ကျွန်တော်ပဲ "

သက်ငြိမ်က လွင်မင်းမောင်အား ဖျတ်ခနဲလှမ်းကြည့်သည်။ လွင်မင်းမောင်၏ မျက်နှာမှာတည်တင်းခက်ထန်နေပြီး အပြုံးအရယ်တစ်စက်မှမရှိနေ။ခေါင်းတွင်ပတ်တီးစည်းထားရပြီး ပတ်တီးဖွေးဖွေးအောက်မှ မျက်ဝန်းတို့က ရေသေပြင်လို ငြိမ်သက်နေသလောက်၊ အေးစက်လွန်းသည်မှာလည်း ငြင်းမရ။ နှုတ်ခမ်းတို့က စေ့ပိတ်နေပြီး အံကြိတ်ထားသဖြင့် မေးရိုးတို့တင်းနေသည်။

မောင့်သက်ငြိမ်Where stories live. Discover now