အပိုင်း - ၁၀
သစ်နဲ့ ခခတို့ အောက်ဖက် ဆရာတော်ကျောင်းက စေတီနားကို ရောက်နေကြသည်။ စေတီနားမှာ ထိုင်တော်မူ နှစ်ပါးကို တည်ထားတာ တွေ့ရပါ၏။ ထိုအနောက်ဖက်မှာတော့ ကြာကန်ရှိသည်။ အထက်ဖက်ကျောင်းမှာလည်း စေတီနဲ့ ထိုင်တော်မူတစ်ပါးရှိသည်။ သို့သော် အောက်ဖက်ကျောင်းက ထိုင်တော်မူတွေက ဉာဏ်တော်ပိုမြင့်သည်။ ထို့အပြင် အထက်ကျောင်းမှာ ကြာကန်လည်း မရှိပါ။ ကျောင်းဝင်းကလည်း ဒီကျောင်းက ပိုကျယ်သည်။ သိမ်တော်ကလည်း ပိုလို့ ကြီးမားထည်ဝါသည်။
"ခခ"
သစ် ခေါ်လိုက်သည့်အခါ ခခက လှည့်ကြည့်ပါ၏။
ခခက ယူလာသည့် ကြာပန်းတွေကို ပန်းအိုးထဲထည့်ကာ ကပ်လှူနေသည်။ သစ် ခေါ်လိုက်မှ လှည့်ကြည့်တာပင်။
မနက်စောစောမို့ နေရောင်က သိပ်မရှိသေး။
"အွန်း.. ပြောလေ ကိုသစ်"
ခခက သစ် အနားကို ရောက်လာသည်။
"ကိုယ်ရောက်ဖူးတဲ့ ရွာတွေထဲမှာဆို လေးအိမ်တန်းက ရွာကြီးပြီး ချမ်းသာတဲ့သူပေါတယ်"
"ဟုတ်လား"
"အင်း"
"ကိုသစ်က ဘယ်ရွာတွေ ရောက်ဖူးတာလဲ"
စိတ်ဝင်တစားနဲ့ မေးလာသည့်ကောင်လေး။ မျက်နှာလေးက နုဖတ်နေပြီး ရယ်လိုက်လျှင် ပါးချိုင့်လေးနဲ့။ အသည်းယားစရာလေးမို့ ဖျစ်ညှစ်ပစ်ချင်စိတ်ကို ထိန်းထားရသည်။ သစ်သာ ဖျစ်ညှစ်လိုက်ပါက အာပြဲကြီးနဲ့ အော်ငိုလောက်မည် ထင်ပါ၏။ ခုတော့ ပါးလေးကို ပိန်လိုက်ဖောင်းလိုက်လုပ်ရင်း သစ်အနား ရောက်လာသည်။ ခခကို ဒီနေရာဆီ ခေါ်လာဖို့ သစ် အာပေါက်မတတ်ပြောခဲ့ရတာ တန်ပြီလေ။ ခခကို ခေါ်ထုတ်ဖို့ သစ် မျက်နှာငယ်လေးနဲ့ နည်းပေါင်းစုံသုံးကာ ပြောခဲ့ရသည် မဟုတ်လား။
"ကိုယ် UK မသွားခင် မြန်မာက နယ်ဖက်တွေ အတော်များများကို ဆင်းဖူးတယ်လေ"
"အွန်း.. ဘာလိုက်လုပ်တာလဲ ဟင်"
"ကိုယ်က ဆရာဝန်လေ ခခရဲ့.. ဘာလုပ်ရမှာလဲ.. ဆေးလိုက်ကု.. တာ.. ပေါ့"
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)