အပိုင်း - ၁၅
ဒီနေ့ အထက်ကျောင်းမှာ ဆွမ်းအလှူရှိတော့ ခခ၊ ငလွင်နဲ့ ဖိုးထောင်တို့လည်း ကူဖို့ ရောက်နေကြရသည်။ ခခတို့က ရွာ၏ သာရေး၊ နာရေးတွေဆို ဘယ်တော့မှ ပစ်မထား။ လိုရာနေရာကနေ ပါဝင်ကူညီတတ်သူတွေ။
ရွာရှိ ကာလသားခေါင်းဆောင်ကိုဖြိုးဆိုတာကလည်း ခခတို့ကို အလွန်ခင်တွယ်သူ။ အခုလည်း လိုတာတွေကို တက်ညီလက်ညီ လုပ်ကိုင်နေကြပါ၏။ တွက်ကပ်တာတွေ၊ ရေသာခိုတာတွေ မရှိကြ။
"ကိုဖြိုး"
ခခ ခေါ်လိုက်တော့ ကိုဖြိုးက လှည့်ကြည့်လာပါ၏။
"အေး.. ခခ ပြောလေ.. ဘာလိုလို့လဲ"
"ဟိုလေ.. သား ဒီနေ့ ပန်းကန်ဆေးတဲ့ တာဝန်ကို ယူမယ်နော်"
"ဟင်.. ပန်းကန်းဆေးတာကို မိန်းကလေးတွေ လုပ်မှာပေါ့ကွ.. ခခက ကျောင်းပေါ်မှာ လိုတာကူလေ"
"ဒီနေ့ သား ထိုင်နေချင်လို့ ပန်းကန်တွေပဲ ဆေးပေးမယ်နော် ကိုဖြိုး"
"ဒီနေ့က ဧည့်သည်များတယ် ခခရဲ့.. ပန်းကန်ဆေးတာက ထိုင်နေရတယ်ဆိုပေမယ့် ပင်ပန်းမှာ"
"ရပါတယ်.. သား ဆေးလိုက်မယ်"
"အေးပါ.. ဒါဆို မိဇင်တို့ သက်နှင်းတို့ကို ကူဖို့ ပြောလိုက်မယ်လေ"
မိဇင်၊ သက်နှင်းဆိုတာ ရွာက အပျိုလေးတွေ။ ခခတို့လိုပင် ရွာ၏ ကိစ္စရပ်တွေမှာ ပါဝင်တတ်သူလေးများပင်။
"နေ.. နေ ရတယ်.. ကိုဖြိုးရဲ့.. မဇင်နဲ့ မသက်တို့ကို ကိုဖြိုးလိုတဲ့ဆီပဲ ခေါ်ခိုင်းလိုက်ပါ"
"ဟေ.. မင်းတစ်ယောက်တည်း ဆေးမှာလား.. ခခ .. ရေလည်းခပ်ရမယ်.. ဆေးလည်း ဆေးရမယ် နိုင်ပါ့မလား"
"သားကိုမပူနဲ့ ကိုဖြိုး.. သားက ဒီနေ့ ဒီနေရာကို တာဝန်ယူလိုက်မယ်.. စိတ်ချ"
"ဟူး.. ခခရယ်.. မင်း ပင်ပန်းမှာ စိုးလို့ကွ"
"မပူနဲ့ မပူနဲ့.. ပန်းကန်တွေ ရေဆေးပြီး ရေသုတ် ကျောင်းပေါ်ထိ ရောက်စေရမယ်.. သားကို ယုံကြည်လိုက်"
ခခ ရင်ဘတ်လေး ပုတ်ပြီး ပြောလိုက်တော့ ကိုဖြိုးက ခေါင်းညိတ်ပြသည်။ ခခက ကျန်တာတွေသာ မွှေချင်မွှေမည်။ တာဝန်ယူတာကိုတော့ ဘယ်တော့မှ ကပျက်ကချော်မလုပ်။ ထို့ကြောင့် ကိုဖြိုးက ယုံပြီးသားပင်။
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)