အပိုင်း - ၂၃
(၁) ပတ်လောက်အကြာမှာတော့ သစ်က အတော်လေး သက်သာနေပြီ။ ခေါင်းကလည်း ချုပ်ရသည်အထိ မဖြစ်ခဲ့တာကြောင့် အနာကျက်တာလည်း မြန်သည်ဆိုရမည်။ ခခကလည်း သစ်ကို နေ့တိုင်းလာကြည့်ရှာသည်။ တကယ်ကတော့ ကြည့်ချင်လို့ မဟုတ်လောက်။ သစ်ဆီ မလာလျှင် သစ်က သူကြီးဆီ တိုင်မှာစိုးတာကြောင့်သာ ဖြစ်မည်။ ဘယ်လိုဖြစ်ဖြစ် သစ်ကတော့ ဒီကလေးကို မြင်နေရလျှင် ကျေနပ်ရပြီ။
အခုလည်း သစ်အတွက် အသီးခွာပေးနေသည်။ ပန်းသီးတွေကို အခွံခွာပြီး အစိတ်သေးသေးလေးတွေ လှီးနေသည့် ခခ။ မာမီကတော့ ခခ လာတာကို သဘောကျသည်။ ခခက ရယ်စရာတွေ ပြောတတ်သလို ချွဲတတ်တာကြောင့် အချစ်ပိုရသည်လေ။ မာမီနဲ့လည်း ခခက အပေးအယူမျှသည်။
"ရပြီ .. ကိုသစ်"
ခခက ကုတင်ဘေးရှိ ခုံလေးပေါ် အသီးပန်းကန်လေးအား တင်လိုက်သည်။
"အင်း.. ဒီနေ့ ကိုယ့်ဆီလာတာ နောက်ကျတယ်နော် ခခ"
ဟုတ်သည်လေ။ ခခက ဒီနေ့ နည်းနည်းနောက်ကျသည်။ အဘဆီ သွားနေသည်လား။ အမိုးနဲ့ ဆန်စက်ဖက်ဆီ လိုက်သွားသည်လားတော့ သစ် မသိပါ။
"ဟုတ်တယ် .. မဖြူနဲ့ လူနာလိုက်ကြည့်တာ"
"ဟုတ်လား.. အမိုးတို့ အဘတို့နဲ့ လိုက်တာ မဟုတ်ဘူးပေါ့"
"အွန်း.. ဒါနဲ့ ဒီနေ့ ကိုသစ်ရဲ့ ဖေဖေ လာမှာဆို"
ဟုတ်သည်။ ဒီနေ့ ဖေဖေ လိုက်လာမည်ဟု သစ်ကို ပြောထားသည်။
"ဟုတ်တယ် ခခ.. ညနေသင်္ဘောနဲ့ပဲတဲ့.. နောက် (၁) နာရီလောက်မှ ရောက်မယ်ထင်တယ်"
"သား သွားကြိုပေးရမလား"
သစ် ခခကို ကြည့်လိုက်သည့်အခါ ခခက အတည်ပြောနေတာပင်။ ဖေဖေ့အား ခခအကြောင်း ပြောထားပြီးသား။ ထို့ကြောင့် သိပ်တော့ မပူရပါ။ သစ် မာမီကို လှမ်းကြည့်သည့်အခါ မာမီက ခေါင်းညိတ်ပြသည်။
"ခခ တစ်ယောက်တည်းသွားမှာလား"
"အန်ကယ်က ပစ္စည်းတွေ ပါမယ်ထင်တယ်.. ငလွင်နဲ့ ဖိုးထောင်ပါ ခေါ်သွားလိုက်မယ်လေ"
"အင်း.. ဒါဆို ခခကို အကူညီတောင်းပါတယ်"
စိတ်ကောင်းဝင်နေသည့် ခခကြောင့် သစ် ပျော်နေသလိုလို။ သို့သော် ခခ ဘာတွေ ကြံစည်နေလဲဆိုတာတော့ သစ် မသိရှိခဲ့ပါ။
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)