အပိုင်း - ၅
မနက် (၄) နာရီ။
အထက်ကျောင်းဆီမှ အုန်းမောင်းခေါက်သံ။ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းစားတော့မည်ဆိုလျှင် အုန်းမောင်းခေါက်ကြသည်။ ထိုအရာက အစဉ်လာပင်။ သစ် ဒီရွာလေးမှာ တာဝန်ထမ်းဆောင်ပြီးနောက် ဒီရွာက ဓလေ့လေးတွေနဲ့ နေသားကျလာပြီ။
သစ်က မနက် အုန်းမောင်းခေါက်တာနဲ့ နိုးပြီ။ ဒီနေ့တော့ သစ် ဆရာတော်ဆီ ဝတ္ထုငွေ ကပ်ဖို့ ရည်ရွယ်ထားသည်။ သစ် ဒီရွာလေးကိုရောက်တာ (၃) လရှိပြီလေ။ လစဉ်တိုင်း သစ် လုပ်အားခကနေ ဆရာတော်ဆီမှာ ဝတ္ထုငွေ ကပ်နေကျ။
မျက်နှာသစ်ပြီး သစ် အဝတ်အစားလဲလိုက်သည်။ ဆရာတော်ဆီ သွားရောက်ဖူးမျှော်မည်မို့ လည်ကတုံး လက်တိုလေးနဲ့ ပုဆိုးကွက်စိတ်အနီလေးကို ထုတ်ဝတ်သည်။ ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြီးသင်ပြီးနောက် သစ်၏ ပြင်ဆင်မှုက ပြည့်စုံသွားပြီ။
ထို့နောက်မှာတော့ သစ် ဝတ္ထုငွေ ထည့်ထားသည့် စာအိတ်လေးကို ယူပြီး အထက်ကျောင်းဆီ ထွက်ခဲ့လိုက်ပါသည်။ ဆရာတော်ကျောင်းနဲ့ ဆေးရုံက နီးတာကြောင့် သစ် ဆိုင်ကယ်မထုတ်ဖြစ်တော့။ လမ်းလျှောက်ပြီးသာ ထွက်ခဲ့သည်။ ခါတိုင်းလည်း သစ် လမ်းလျှောက်နေကျ။
ရွာလေးက အေးချမ်းသည်။ ထို့ကြောင့် သစ် ရွာလမ်းလေးမှာ လမ်းလျှောက်ရတာကို သဘောကျသည်။ သစ် လမ်းလျှောက်ထွက်တိုင်း ရွာက လူတွေနဲ့ နှုတ်ဆက်ရတာလည်း အသားကျနေပြီ။ သစ်ကို ရွာကလူတွေလည်း သိနေကြပြီမို့ လမ်းလျှောက်ထွက်တိုင်း သစ်အတွက် ရွာထွက် အသီးနှံတွေ၊ လက်ဆောင်လေးတွေကို တတ်နိုင်သလို ပေးတတ်ကြသည်။ ထိုအခါတိုင်း သစ် ငြင်းရမြဲ။
နံနက်ခင်းမို့ ရွာလေးက သက်ဝင်လှုပ်ရှားစပြုနေပြီ။ မနက် (၄) နာရီဆိုတာ ရွာသူရွာသားတွေ နိုးထချိန်မဟုတ်လား။ စောစောအိပ်ယာဝင်ပြီး စောစောထသည်။ လတ်ဆတ်သည့် အသားငါးတွေ အသီးနှံတွေ ပေါပေါများများ စားရသည်။ ကျေနပ်စရာ နေ့ရက်များပါပေ။ ထို့အပြင် သစ်၏ ရင်ခုန်သံတွေက တစ်စုံတစ်ယောက်ဆီမှာ အစပြုနေခဲ့ပြီ။
သစ် စီးလာသည့် ကတ္တီပါ ဖိနပ်ကို ကျောင်းဝမှာ ချွတ်ခဲ့လိုက်သည်။ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးလို့မှ မရလေဘဲ။ သစ် ဒီလိုပဲ ချွတ်ထားနေကျ ဖြစ်ပါ၏။
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)