Part 2 (Z)

1.7K 36 0
                                    

အပိုင်း - ၂

လေးအိမ်တန်းရွာလေးမှာ အထက်တန်းကျောင်းလည်း ရှိသည်။ ရဲစခန်းနဲ့ သက်ဆိုင်ရာ ကျေးလက်ဌာနတွေလည်း ရှိပါသည်။ မြို့ပေါ်နဲ့ အလှမ်းဝေးသည့်တိုင် ရွာလေးက သူ့အနေထားနှင့်သူတော့ ပြည့်စုံပါ၏။ ရွာသူ၊ ရွာသားတွေက စိတ်ထားဖြူစင်ကြသလို အချင်းချင်းလည်း ဖေးမကူညီကြသည်။

သစ် ဒီရွာလေးအကြောင်းကို (၂) ပတ်လောက်နဲ့တင် အတော်လေး သိလာခဲ့ပါပြီ။ ရွာ၏ အဓိက လမ်းမကြီးမှာ အိမ်ကြီး၊အိမ်ကောင်းတွေများသလို ရွာ၏ သူဌေးကြီးတွေ နေထိုင်ကြသည်။ ခြံဝိုင်းတွေကလည်း ကျယ်ကျယ်ဝန်းဝန်းရှိသည်။ နောက်လမ်းမှာတော့ လူလတ်တန်းစားတွေ နေထိုင်ကြပါ၏။ သို့သော် အချင်းချင်း ခွဲခြားကြတာမျိုးမရှိ။ တစ်ရွာတည်းသားချင်း ရိုင်းပင်းကူညီတတ်ကြပါသည်။

သစ်က ဆေးရုံရှိ ဆေးရုံအုပ်နေထိုင်ရန် ဆောက်ထားသည့် တစ်ထပ်တိုက်လေးမှာ နေရသည်။ UK ကနေ ကျောင်းဆင်းလာသည့် သစ်က ဒီရွာမှာ ဆေးရုံအုပ်ရာထူးကို တန်းရခဲ့တာ ဖြစ်ပါ၏။ သစ် ဆေးကျောင်းဆင်းပြီး ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျသည်။ ထိုမှတစ်ဆင့် UK မှာ ဘွဲ့လွန် တက်ခဲ့ပြီး အခုမှ ပြန်လာကာ ဒီရွာလေးမှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားခဲ့တာပင်။ သစ်က အခုဆို (၃၅) နှစ် ကျော်ပြီ။ သက်လတ်ပိုင်းထဲ ရောက်နေသည့်တိုင် သစ်ကို အတော်လေး နုသည်ဟု ပြောကြပါသည်။

ရွာလေးမှာ အစိုးရ လျှပ်စစ်မီးတော့ မရသေး။ ထို့ကြောင့် ညဆိုလျှင် ဘုန်းကြီးကျောင်းတွေကနေ မီးစက်မောင်းပေးသည်။ ည (၇) နာရီကနေ ည (၁၁) နာရီထိ မီးရပါသည်။

တိုက်နယ်ဆေးရုံက အထက်ကျောင်းနဲ့ နီးသည်။ ထို့ကြောင့် သစ်၏ မီးလိုင်းက အထက်ကျောင်း မီးစက်မှ ဖြစ်သည်။

အောက်ကျောင်းနဲ့ နီးသည့် အိမ်တွေကတော့ အောက်ကျောင်းမှ မီးလိုင်းနဲ့ သွယ်ရသည်။

တတ်နိုင်သည့် အိမ်တွေကတော့ ဆရာတော်တွေဆီကနေ မီးသွယ်ဖို့ မလိုအပ်။ ကိုယ်ပိုင်မီးစက်တွေ ထားရှိကြသည်။ သို့သော် ရွာမှာ သာရေး၊ နာရေးကလွဲလို့ တစ်ညလုံးတော့ မီးစက်မောင်းခွင့်မရှိပါ။ ည (၁၂) ဆိုလျှင် မီးစက်တွေ အကုန်ပိတ်ရသည်။ ထိုစည်းကမ်းကိုလည်း ရွာသူကြီးနဲ့ အဖွဲ့တွေက စနစ်တကျ စည်းကျပ်ထားကြသည်။

နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)Where stories live. Discover now