'အစ်ကို ဒီနေ့ အပြင်သွားဖို့ရှိလား'
ကိုယ့်နိုင်ငံကိုယ်မဟုတ်သည့်အပြင် နှစ်ယောက်လုံး၏ အလုပ်တွေက remote job ဖြစ်နေတာမို့ တော်ရုံတန်ရုံ အိမ်ထဲက မထွက်ဖြစ်ကြပေ။ အခန်းထဲမှာသာနေပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတတ်ကြသည်သာ။
'မရှိပါဘူး ဘာလို့လဲ'
'Lotus သွားမလားလို့ တစ်ရှူးကုန်နေပြီ ဆပ်ပြာရောပဲ'
'အင်း သွားမယ်လေ၊ MRT နဲ့ပဲသွားရအောင်'
Huai Kwang MRT ကိုငါးမိနစ်လောက်သာ လမ်းလျှောက်ရတာမို့ များသောအားဖြင့် သူတို့အပြင်သွားတိုင်း MRT ကိုသုံးဖြစ်ကြတာများသည်။
'ညနေမှ အခုမဟုတ်ဘူး အခုက နေပူတယ်'
'မင်း သဘော'
'အိုကေ ခဏအိပ်လိုက်ဦးမယ်'
———————
'ကျွန်တော်အရင်ရေချိုးမယ်နော် ခေါင်းလျှော်မလို့'
သုံးနာရီလောက် ဧည့်ခန်းထဲထိုင်ကာ အလုပ်လုပ်နေသည့်သူ့ကို အိပ်ခန်းထဲမှ ခေါင်းပြူကာလှမ်းပြောနေတာမို့ စိုင်းလင်းကိုကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
သူ့ကိုအသိပေးပြီးသည်နှင့် အိပ်ခန်းထဲပြန်ဝင်သွားကာ ရေချိုးဖို့ပြင်ရသည်။ အပြင်တူတူမထွက်ရတာကြာပြီမို့ စိတ်လှုပ်ရှားနေသည်လည်းပါသည်။
သူရေချိုးပြီးထွက်လာတော့ စိုင်းလင်းကိုကိုက အိပ်ခန်းထဲကိုရောက်နေပြီဖြစ်သည်။
'အစ်ကို ချိုးလို့ရပြီ'
'အင်း'
သူပြောလိုက်တော့ စိုင်းလင်းကိုကိုက တစ်ခါတည်း တဘတ်ကိုယူကာ ရေချိုးခန်းထဲ တန်းဝင်သွား၏။ သွေးရန် တဘတ်အသေးနှင့် ရေစိုနေသော ခေါင်းကိုသုတ်ရင်း ခါးထိသာ တဘတ်ပတ်ထားသော သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်မိသည်။
ကျစ်လစ်နေသည့် ဗိုက်သားနှင့် ခြေတံသွယ်သွယ်များ။ ဒီလိုထွက်လာလျှင် ယောက်ျားဖြစ်သူကခဏလောက်ငေးကြည့်နိုင်သည်က ဝတ္ထုထဲတွင်သာ ရှိသည့်ပုံပင်။ သို့မဟုတ် သူ့ယောက်ျားမှာ ဖြောင့်တန်းကာ ရည်းစားဟောင်းအားရင်ဘတ်ထဲက မထုတ်နိုင်သေးသည်ကြောင့်လည်းဖြစ်နိုင်သည်။
YOU ARE READING
ချစ်ခြင်းဖြင့် နွေးစေလို
Romance'ကိုကို ကျွန်တော့်ကို ချစ်မလာနိုင်ဘူးဆိုတာ ကျွန်တော်ဖြင့် မယုံပါဘူး'