နှစ်ဖက်မိဘတွေက တစ်ပတ်လောက်သာနေပြီး အတူတူပြန်သွားကြသည်။ စိုင်းလင်းကိုကို၏ တိုက်ခန်းက အိပ်ခန်းတစ်ခန်း၊ မီးဖိုခန်းနှင့် ဧည့်ခန်းတို့သာ ပါရှိတာမို့ နှစ်ယောက်တူတူ တစ်ခုတင်တည်းသုံးဖြစ်ကြသည်။
AI engineer ဆိုသည့်အတိုင်း စိုင်းလင်းကိုကိုက များသောအားဖြင့် ကွန်ပြူတာ တစ်လုံးနှင့် အလုပ်ရှုပ်နေတတ်သည်သာ။ ထို့အတူ သွေးရန်ကလည်း တိတ်တိတ်ဆိတ်ဆိတ်ကလေး စာရေးနေတတ်သည်က များသည်။
လူမသိသည့် သူတို့ မင်္ဂလာပွဲလေးဖြစ်မြောက်သွားခဲ့သော်လည်း သူတို့နှစ်ယောက်၏ ဘဝကတော့ ဘာမှ မပြောင်းလဲသွားသလိုပင်။ အနှောင်အဖွဲ့တွေအစား စိုင်းလင်းကိုကိုနှင့်အတူတူ သွေးရန်ဝယ်လာခဲ့သည့် ရွှေလက်စွပ်မျှင်မျှင်လေး နှစ်ကွင်းသာ သူတို့ လက်သူကြွယ်တွင် နေရာယူလာခဲ့၏။
"အစ်ကို"
ညနက်သည်အထိ အလုပ်လုပ်နေသော စိုင်းလင်းကိုကိုအား သွေးရန် အသာခေါ်လိုက်တော့ သူက မျက်မှန်ကို ချွတ်ကာ လှည့်ကြည့်လာသည်။
"မအိပ်သေးဘူးလား"
"အစ်ကို့ကို မေးရမှာ"
"မအိပ်သေးဘူး"
"အလုပ်က အများကြီး ကျန်သေးလား"
သွေးရန်မေးလိုက်တော့ စိုင်းလင်းကိုကို၏ မျက်ခုံးတို့ ပင့်တက်သွားသည်။ ခုတင်ပေါ်တွင် ဒူးပိုက်ကာ ထိုင်နေသည့် သွေးရန်က အမှန်တကယ် ကလေးသာသာလေးပင်။ ညဝတ်အင်္ကျီမိုးပြာရောင်လေးသည် လုံလုံခြုံခြုံရှိသောလည်း ညှပ်ရိုးဖြူဖြူဖွေးဖွေးတို့အား ဖုံးမထားနိုင်ခဲ့။
စိုင်းလင်းကိုကို မျက်ရိုးကိုက်လာတာကြောင့် တစ်ချက်နှိပ်လိုက်ပြီးမှ သွေးရန်အမေးအားပြန်ဖြေဖြစ်၏။
"မကျန်ဘူး"
"ကျွန်တော် ဘီယာသောက်ချင်တယ်"
"အဲဒါ"
"တူတူ သောက်ရအောင်"
စိုင်းလင်းကိုကိုက နားမလည်သည့် မျက်ဝန်းတွေဖြင့် သူ့ကို ကြည့်လာပြန်သည်။
YOU ARE READING
ချစ်ခြင်းဖြင့် နွေးစေလို
Romance'ကိုကို ကျွန်တော့်ကို ချစ်မလာနိုင်ဘူးဆိုတာ ကျွန်တော်ဖြင့် မယုံပါဘူး'