(၃)
ဂျစ်ပစီမလေးရေ .......။
ဆက်သွယ်မူဧရိယာပြပကို ခဏ၊ခဏ ထွက်သွားတတ်တဲ့မင်းကို ငါဟာ ခင်မင်တွယ်တာနေဆဲပါပဲ။ ဒါပေမယ့် မသေဆုံးတဲ့လိပ်ပြာတွေအကြောင်း ငါမကြားဘူးပါဘူး။ မာယာမြစ်တွေ ငါ့ကမ်းနံပါးနားမှာ အမြဲစီးတယ်။ အပြုံးတစ်ခု အောက်မှာ ခိုလှုံပြီး လုံခြုံချင်ယောင် ဆောင်ပြတယ်။ ဘာမှမသိနိုင်လောက်အောင်နဲ့ပဲ ခိုးနမ်းကြပါစို့ရဲ့....။ဂျစ်ပစီမလေးရေ
မင်းကို ပိုးကောင်မလေးတစ်ကောင်အကြောင်း ငါပြောပြချင်တယ် သိလား။ ပိုးကောင်မလေးဆိုတာ ဘယ်လိုပိုးကောင်မျိုးလဲလို့မင်မေးမှာလား။ ဆိုပါတော့ ၊ ပိုးစုန်းကြူးတစ်ကောင်လို့ မင်းသတ်မှတ်လိုက်ပါလား။ နားလည်လွယ်ခြင်းကို မင်းရင်ဘတ်မှာ ငါအပ်နဲ့စိုက်ထားချင်လို့ပါ။ မင်း သေချာနားထောင်ပါနော်။
ဂျစ်ပစီမလေးရေ.....နားထောင်၊ ပိုးကောင်မလေးဟာ တစ်ခါက မျတ်နှာငယ်လေးနဲ့ ညတွေမှာ စုန်ဆန်ကူးခဲ့တယ်။ သူ လမ်းကြောင်းမှားလာတယ် ထင်ပါရဲ့။ ငါ့အခန်းတံခါးမှာ သူ လာရောက်ခိုနားတယ်။ သူမျတ်နှာ သေးသေးသွယ်သွယ်လေးနဲ့ မျတ်လွှာလေးချထားလိုက်တာများ နတ်ပန်းချီရှုံးလေမလားပါဘဲ။ ငါကလေ....အဲဒီပိုးကောင်မလေးကို သေချာစူးစိုက်ကြည့်မိတာ။ ငါ့ကြည့်သလိုမျိုး ငါ့ကုတင်ခြေရင်းက ဖားပြုတ်တစ်ကောင်ကလည်း သူမကို ကြည့်နေတယ်။ တံခါးဘောင်ကြားက အိမ်မြှောင်တစ်ကောင်ကလည်း သူမကို ကြည့်နေတယ်။ ခန်းစီစရဲ့ တစ်ဖတ်စွန်းက ပင့်ကူတစ်ကောင်ကလည်း သူမကိုကြည့်နေခဲ့တာပေါ့ ဂျစ်ပစီမလေးရယ်။ ဒီအဖြစ်အပျက်တွေကို ပိုးကောင်မလေးက မသိဘူးထင်ပါရဲ့။ သူမ ရှေ့ကို တစ်လှမ်းတိုးသွားတိုင်း ကျန်တဲ့သတ္တဝါတွေပါ ရှေ့ကို တစ်လှမ်းတိုးလာကြတယ်။ အိုကွယ်...ငါစိုးရိမ်လိုက်တာ။ သတ္တဝါကြီးတွေ စားသွားမှာဖြင့်၊ ငါ စိုးရိမ်စိတ်နဲ့ သူမကို ငါ့လက်နဲ့ အသာအယာအုပ်ပြီး ဖမ်းလိုက်တယ်။ သူမဟာ ငါ့လက်ခုပ်ကြားထဲမှာ လင်းနေတယ်။ အင်း...ဟုတ်ပြီ။
ဂျစ်ပစီမလေး မင်းတွေးကြည့်စမ်း....ငါ့စေတနာဟာ ဖြူစင်ရိုးသားသလားလို့။ အဲတုန်းကတော့ ငါရိုးသားကောင်း ရိုးသားမှာပေါ့လေ။ ဒါပေမယ့် ရိုးသားချင်သလိုနဲ့ ငါမရိုးသားခဲ့ဘူးကွယ်။ ဒီလိုပဲ မရိုးသားသလိုမျိုးနဲ့ပဲ ငါ ရိုးသားခဲ့ပါတယ်။ဂျစ်ပစီမလေးရေ.........။
ငါဟာ ပိုးစုန်ကြူးမလေးကို အရမ်းချစ်မြတ်နိုးမိသွားတယ်။ ငါလေ... သူထွက်ပြေးမှာစိုးလို့ ပုလင်းလေးထဲမှာထည့်ပြီး သူ့ကိုအစဉ်ငေးခဲ့မိတယ်။ ညတိုင်း သူဟာ ပုလင်းလေးထဲမှာ လင်းနေတယ်။ ချစ်စရာလေးပေါ့။ ငါ သူ့ကို သဘောကျတာက ငါ သူကို ဘယ်လိုအခြေအနေမျိုးနဲ့ပဲထားထား သူဟာ နဂိုဟန်မပျက်ဘဲ နေမြဲနေနိုင်တာလေးကိုပါ။
အတွေး။ ။မင်း အဲဒီဖန်ပုလင်းကို ဘယ်လိုရရှိခဲ့တာလဲ။ဂျစ်ပစီမလေးရေ...
အချိန်ကြာလာတဲ့အခါ...
သူလည်း ငါ့မေတ္တာတွေကို နားလည်ခဲ့တယ်ကွယ်။ သူနဲ့ငါနဲ့ ချစ်စကားတွေ အပြန်အလှန်ပြောခဲ့ကြတယ်။ သူကတော့ ပုလင်းလေးထဲကနေ ပြောတာပေါ့။ ဒီလိုနဲ့ပဲ ငါ့ကိုယ် တိုင်ကလည်း သူ့မေတ္တာကို စိတ်ချယုံကြည်လာခဲ့တယ်။
စိတ်ချရတဲ့ တစ်နေ့မှာတော့ ပုလင်းအဖုံးလေးကို ငါဖွင့်ပေးလိုက်တယ်။ ထူးဆန်းလိုက်တာ ဒီပုလင်းလေးဟာ သူ့ကမ္ဘာ ဖြစ်သွားပုံပဲ။ သူ ပုလင်းလေးထဲမှာ အမြဲလင်းတယ်။ ငါ့ကိုလည်း ပြုံးပြုံးပြတယ်။ သူ ဘယ်တော့မှ အပြင်မထွက်ဘူးတဲ့....။
YOU ARE READING
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Short Storyကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။