"ဟေ့ကောင် မင်းလက်ကိုမလွှတ်လိုက်နဲ့နော် ငါမထိန်းနိုင်သေးဘူး သေချာကိုင်ထားပေး ငါလွှတ်ဆိုမှလွှတ်"
"ကိုင်ထားပါတယ်ဆိုကွာ အသံပြဲကြီးနဲ့ အော်မနေနဲ့"
ကျွန်တော်တို့ အိမ်ရှေ့လမ်းတစ်လမ်းလုံးဟာ ကျွန်တော်နှင့် ဝိုင်၏ စက်ဘီးစီးသင်ပေးနေသော အသံတို့ဖြင့် ပျံ့လွင့်နေသည်။ တမနက်လုံး သင်ပေးပြီး ခုနေ့လည်ရောက်နေတာတောင် ဝိုင် ခုထိ စက်ဘီးမစီးတတ်သေး။ ဒီတခါတော့ ကိုင်ထားပေးတယ်ပြောပြီး မသိမသာလေး လွှတ်ပေးမှ ဖြစ်မည်။ မဟုတ်ရင် ဒီကောင်လေး ဒီနေ့စီးလို့တတ်တော့မှာ မဟုတ်တော့။ အတွေးဖြင့် စက်ဘီးနောက်ခုံကို ကိုင်ထားပေးသော လက်တို့ကို မသိမသာ လွှတ်လိုက်ပြီး ရပ်နေခဲ့လိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ ရနေပြီ အာ့တိုင်းလေးထိန်းပြီး ဆက်နင်းသွား"
အစက ဟန်ချက်ညီညီနှင့် ထိန်းသွားနေသော ဝိုင်သည် ကျွန်တော် ကိုင်ပေးနေရဲ့လားကို စိုးရိမ်တကြီး နောက်ပြန်လှည့်ကြသည်။ ကျွန်တော် ရပ်ကျန်နေခဲ့တာတွေ့တော့
"ဟာ ဟေ့ရောင် ကိုင်ပေးထားပါဆိုနေ"
နောက်ပြန်လှည့်ကြည့်ရင်း ပြောသောကြောင့်ရော စိတ်ကစိုးရိမ်နေမှုကြောင့်ရော ဟန်ချက်မထိန်းနိုင်တော့ဘဲ ယိုင်ပြီး လမ်းဘေးမှ အမှိုက်ပုံထဲကို ဝင်တိုးမိတော့သည်။ ကျွန်တော်လည်း ချက်ချင်းပြေးသွားပြီး အမှိုက်ပုံထဲလဲသွားသော ဝိုင့်ကို သွားထူရတော့သည်။ ရှုံ့မဲ့နေသောဝိုင့်ကို ဘယ်နားထိသွားလဲ သေချာကြည့်တော့ ဒူးခေါင်းအောက်နားကနေ ခြေသလုံးအလယ်လောက်ထိ ကွဲနေသည်ကို တွေ့ရသည်။ စက်ဘီးရှိ ရေဘူးထည့်တဲ့နေရာက လဲသည့်အရှိန်ကြောင့်ကျိုးပြီး ဝိုင့်ခြေထောက်ကို ရှမိခြင်းဖြစ်ဟန်တူသည်။ ဝိုင် အလွန်နာကျင်သွားမည်မှန်းသိသာသည်။ မျက်ရည်တို့ဆို့တက်လာသောလည်း အာပြဲကြီးနှင့်တော့ မငို။ ဝိုင့်ကို ဆွဲထူ စက်ဘီးကို ပြန်ထောင်ပြီး
"အိမ်ပြန်ရမယ် ငါနင်းမယ်နော် နောက်ကတက်"
ဝိုင်စက်ဘီးပေါ်ရောက်သင့်နှင့် အမြန်ပင် အိမ်ကို ပြန်နင်းမိတော့သည်။ နင်းနေရင်းနှင့် တခုစဉ်းစားမိသည်။
YOU ARE READING
မြူဝိုင်
RomanceBL x OC ဒီဝတ္ထုလေးက လုံ့ရဲ့ ပထမဆုံးဝတ္ထုလေးမို့ လိုအပ်ချက်တွေ အများကြီးကို ရှိနေမှာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ Basketball အားကစားနည်းနဲ့ ပတ်သတ်တာလေးကို လုံအားပေးထောက်ခံတဲ့ Lgbt နဲ့ အခြေခံပြီး ရေးချင်လွန်းလို့ပါ။ အာ့လိုပြောလို့ လုံက Basketball ကို ေ...