Chapter 6

2.9K 347 24
                                    


နောက်ရက်များတွင်တော့ ကျွန်တော့်ရဲ့ ပျင်းရိစရာ အိမ်တွင်းအောင်းဘဝနှင့် ကျောင်းတက်ရသည့်နေ့ရက်များသည် ဒုံရင်းက ဒုံရင်းပင်။ တခါတလေတော့လည်း မြူက ဖုန်းဆက်လိုက်၊ ကျွန်တော်က ဖုန်းဆက်လိုက်နဲ့ အဆက်အသွယ်တော့ ရသည်။ ဘယ်လိုပင် ကျောင်းမှာ သူငယ်ချင်းတွေရပေမယ့် နေရာစိမ်းကို ရောက်လာခါစ အကူအညီတွေ ပေးခဲ့ဖူးတဲ့ မြူ့ကိုတော့ မမေ့သင့်ဘူး မဟုတ်လား?။ သူငယ်ချင်းအသစ်တွေကတော့ ရပါရဲ့။ ပြောမနာဆိုမနာနဲ့လည်း ဖြစ်လာပေမယ့် မြူနဲ့ ခင်တဲ့ ခင်မင်မှုနဲ့တော့ မတူ။ မြူကလည်း ကျွန်တော့်အပေါ်ကောင်းရှာတဲ့သူမို့ သီးသန့်ဖြစ်တည်မှုတစ်ရပ်အနေနဲ့ မြူ့ကို ခင်တွယ်မိသည်လား မသိ။

နွေရာသီကိုတော့ ကွင်းထဲမှာ Training ဆင်းဖြစ်အောင် ဆင်းမည်ဟု စဉ်းစားမိသည်။ Basketball ကို ဝါသနာပါပြီး ချစ်လွန်း၍ပဲလား၊ မြူနှင့် ခဏခဏတွေ့ရအောင်လို့ပဲလား ကျွန်တော်ကိုယ်တိုင်လည်း မဝေခွဲတတ်ပါချေ။

ဒါပေမယ့်လည်း ကျွန်တော်ရဲ့Training ဆင်းမည့် အစီအစဉ်သည် တစုံတရာသော အကြောင်းကြောင့် ပျက်စီးသွားရတော့သည်။

ကျွန်တော်တို့ရဲ့ ၇တန်း အတန်းတင်စာမေးပွဲက နီးလာပြီဖြစ်သည်။ ကျွန်တော်က ဒီနှစ်မှ ကျောင်းသားသစ်ဆိုပေမယ့် အမြဲ 1 to 10 ဝင်သည့်အတွက်ကြောင့် ဆရာမများက သတိထားမိသည်။ ကျွန်တော်က မိဘတွေဆီမှာလည်း ဆိုးတယ်ဆိုပေမယ့် ဒီလိုဆိုးလို့ရတာဟာလည်း စာတော်ခြင်းဆိုတဲ့ မိဘတိုင်း သဘောကျတဲ့ အချက်ကြောင့်ပင်။ ခုလည်း ဆရာမက လိုအပ်တာတွေကို Revision ပြန်ပေးနေသည်ကို ဂရုတစိုက်လိုက်နားထောင်နေမိသည်။

ထိုအချိန်တွင်

"ဆရာမ ဝင်ခွင့်ပြုပါခင်မျာ" အခန်းဝမှ အသံ။

လှမ်းကြည့်မိတော့ ကျွန်တော်တို့ကျောင်းရဲ့ အားကစားဆရာကြီး။

"ဟုတ်ကဲ့ ဝင်ပါရှင့်"

"ဟုတ်ကဲ့ ကျွန်တော် ကျောင်းအုပ်ကြီး ခွင့်ပြုချက်နဲ့ လာတာပါ၊ ကျွန်တော် ကလေးတွေကို ပြောစရာလေးရှိလို့ အချိန်လေး ခဏလောက် ရမလားခင်မျာ"

"ဟုတ်ကဲ့ ရပါတယ် ပြောပါရှင်"

"ကလေးတို့၊ ဆရာက ကျောင်းရဲ့ အားကစားဆရာပါ၊ ဆရာတို့ ကျောင်းက နှစ်တိုင်း အထက်တန်း Basketball ကျောင်းပေါင်းစုံပွဲကို ဝင်ပြိုင်နေကြပေါ့၊ အာ့လိုဝင်ပြိုင်နိုင်ဖို့ ၈တန်းနဲ့ ၉တန်း က ကျောင်းသားတွေကို Training ပေးပြီး ဝင်ပြိုင်ခိုင်းတယ်၊ ဒီတော့ သားတို့က ခု ၇တန်းဆိုပေမယ့် အတန်းတင်စာမေးပွဲဖြေပြီးရင် ၈တန်းကျောင်းသားကြီးတွေ ဖြစ်ကြတော့မယ်၊ ဒီတော့ နောက်နှစ်ဝင်ပြိုင်မယ့်ပွဲမှာ သားတို့ပါရတော့မယ်၊ အာ့ဒါကြောင့် ခု စာမေးပွဲဖြေပြီး နွေရာသီမှာ သားတို့ကို ကျောင်းမှာပဲ Basketball သင်တန်းပေးမယ်၊ စိတ်ပါဝင်စားတဲ့သူတွေ အခုပဲ ဆရာ့ဆီ စာရင်းလာပေးကြပါ"

မြူဝိုင်Where stories live. Discover now