Chapter 12

3.8K 383 119
                                    


ဒီနေ့ ကွာတားဖိုင်နယ်တစ်ပွဲလည်း နိုင်သည်ဖြစ်၍ ကျွန်တော်တို့ ဆီမီးတက်ပြီဖြစ်သည်။ ခဏထိုင်နားနေတုန်း ဝိုင်က ထုံးစံအတိုင်း ထည်ထည်နှင့် စကားလက်ဆုံကျနေပြန်သည်။ ကျွန်တော်လည်း ရုံအပြင်ခဏသွားမည်ဟု ပြောပြီး ထွက်ခဲ့လိုက်သည်။

ချွေးတို့ဖြင့်ချွဲနေသော အားကစားအင်္ကျီအောက်နားကို လေရအောင် လက်ဖြင့်ခါလျက် ရုံအပြင်ဘက်သို့ထွက်လာသည်။ ၁၀လပိုင်းဖြစ်၍ မိုးရိပ်မကင်းသော ရာသီဥတုကြောင့် စိုစွတ်စွတ်လေးဖြစ်နေ၍ တော်သေးသည်။ ဒီထက်ပို၍ လတ်ဆတ်သောလေကို လိုချင်သောကြောင့် ရုံအပြင်နားကနေ နည်းနည်းလျှောက်ရုံဖြင့်ရောက်သော ဘောလုံးကွင်းကြီးထဲသို့ လာခဲ့လိုက်သည်။ ဘောလုံးပွဲလည်း မရှိသောကြောင့် အောင်ဆန်းဘောလုံးကွင်းကြီးဟာ ပကတိ တိတ်ဆိတ်ငြိမ်သက်လျက်။ ကွင်းတစ်ဖက် မျက်နှာချင်းဆိုင်က ပွဲကြည့်စင်ပေါ်တွင်မူ MYANMAR ဟူသော စာလုံးကြီးတို့က ဝင့်ထည်လျက်။

မျက်စိတဆုံးထိ မြင်နေရသော ဘောလုံးကွင်းကြီးဆီမှ တိုက်ခတ်လာသော လတ်ဆတ်သောလေတို့ကြောင့် လန်းဆန်းသွားရသည်။ လက်နှစ်ဖက်ကိုကားကာ ရင်ကိုဆန့်လျက် လေကို အပြည့်အဝရှုသွင်းလိုက်သည်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ပွဲကြည့်စင်အမြင့်ကြီးတွေ၊ ထိုပေါ်မှ ကြည့်ရင်တော့ တစ်ကွင်းလုံးကို သေချာမြင်ရမှာပဲ။ အတွေးဖြင့် ထိုပေါ်သို့တက်ကြည့်ချင်စိတ်ပေါက်လာ၍ လှေကားတို့ကို ဖြတ်၍ တက်လာလိုက်သည်။

ဝိုး.. ကျွန်တော်ထင်တာမှန်သည်။ ဒီပေါ်မှကြည့်ရသည်က ဘောလုံးကွင်းတခုလုံးကို သေချာမြင်ရ၍ လေလည်း ပိုရသည်။

လန်းဆန်းစေသော မိုးနံ့တို့ရောယှက်နေသည့် လေနှင့် ကွင်းကြီး၏တိတ်ဆိတ်မှုတို့ကြောင့် တရေးတမောလောက် အိပ်ချင်စိတ်တို့ပင် ပေါက်လာရသည်။ အတွေးတို့မဆုံးခင်မှာပင် ပွဲကြည့်သည့် တန်းလျားရှည်ကြီးပေါ်မှာ လှဲလိုက်မိလျက်သား ဖြစ်သွားရသည်။

နေ့လည်ဖြစ်သော်လည်း တိမ်ထူထူတို့ ဖုံးလွှမ်းနေ၍ နေရောင်ခြည်က ကျွန်တော့်ပေါ်ကျဆင်းမနေ။ ခုဏကလည်း ပွဲတစ်ပွဲကစားထား၍ ပင်ပန်းနေသောကြောင့် အိပ်ချင်စိတ်တို့က ကြီးစိုးလာ၍ မျက်လုံးတို့ မှိတ်ချလိုက်သည်။

မြူဝိုင်Where stories live. Discover now