Chapter 9

3K 344 32
                                    


ပင်လယ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေတို့က ညနေခင်းနေအေးလေးတွေပဲ ကျရောက်နေတဲ့ကမ်းစပ်ကို ပို၍အေးမြသွားစေရသည်။ ရှေ့တူရှုမှာက မိုးကုတ်စက်ဝိုင်းထိ ကျယ်ပြန့်နေတဲ့ အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကြီး..

သောင်ပြင်ပေါ်မှာထိုင်ကာ ပင်လယ်လေတို့ကို ရှုရှိုက်ရင်း ကြည့်မဝနိုင်တဲ့ ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း ကျွန်တော့်ရဲ့စိတ်အစဉ်တို့က အလွန်ပင် ကြည်နူးငြိမ်းချမ်းနေရသည်။ ကျွန်တော် ထားဝယ်ကို ခဏအလည်ပြန်လာပြီး မရောက်တာကြာပြီဖြစ်တဲ့ မောင်းမကန်ကို ရောက်ရှိနေခြင်းပင်။ လှလိုက်တဲ့ပင်လယ်ကြီး.. ကြည့်လို့ကိုမဝနိုင်။

ကျွန်တော်ပင်လယ်နဲ့ဝေးခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ အဘိုးနဲ့ အဘွား ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပြီးနောက် ၂တန်း စာမေးပွဲဖြေပြီးကတည်းက ရန်ကုန်သို့ပြောင်းသွားရခြင်း။ ဒီတော့ အဘိုးရယ် အဘွားရယ်နဲ့ လာခဲ့ဖူးတဲ့ ပင်လယ်ဆိုတာက ကျွန်တော့်အသိဉာဏ်ထဲမှာ ဝေးတေဝါးတား။ ခုဆို ကျွန်တော် ၁၀တန်းတောင်တက်ရတော့မယ်ဆိုတော့ ပင်လယ်နဲ့ဝေးခဲ့တာ ၇နှစ်နီးပါးတောင် ရှိခဲ့ပြီပေါ့။

၁၀တန်းဆိုတာကို တွေးမိတော့ ဒီခရီးက ပြန်ရောက်တာနဲ့ ကျူရှင်စတက်ပြီး တစ်နှစ်လုံး စာချည်းပဲလုပ်ရတော့မည်ကို တွေးမိသွားရသည်။ Basketball ကစားခြင်းအပါအဝင် တခြားအားကစားလုပ်ခြင်းတွေကို ၁၀တန်းကျောင်းသားတွေ မလုပ်ဖို့ ကျောင်းက ကန့်သတ်ထားသည်ပင်။ ကျောင်းတွေက ခွင့်ပြုရင်တောင် အိမ်က ခွင့်ပြုမည်မဟုတ်တော့ ကျွန်တော့်ရဲ့ Training ဆင်းတာတွေ ရပ်နားထားရသည်။

Basketball ဆိုတာ ခေါင်းထဲဝင်လာတော့ တဆတ်တည်းမှာပင် ပင်လယ်ကို အလည်သွားမည့် ခရီးစဉ်ကို မလိုက်ရ၍ မျက်နှာစူပုပ်ပုပ်နှင့် ကျန်ခဲ့သည့် ကောင်လေးတစ်ယောက်က ခေါင်းထဲဝင်လာသည်။

ဝိုင်....

ဝိုင်လည်း ကျွန်တော်လိုပင်၊ အားကစားလုပ်ခြင်းတွေကို သူ့အိမ်ကလည်း ကန့်သတ်ထားလိုက်ပြီ။ ၉တန်းနှစ် ကျောင်းပေါင်းစုံပွဲ နောက်ဆုံးနေ့က ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်ပြီး ကြားထဲမှာ ဖုန်းနဲ့ပဲ အဆက်အသွယ် ရှိခဲ့သည်။

မြူဝိုင်Where stories live. Discover now