Chapter 1

14.9K 1.1K 27
                                    

Zawgyi

သွေးရောင်ခြယ် နှလုံးသား Chapter 1

ဆယ်နှစ်ခန့်ကြာသော်....

ပြတင်းတံခါးကိုဖွင့်လိုက်သည်နှင့် ကောင်းကင်မှဆင်းသက်ပြီး မြူခိုးများအကြားဖြတ်ပြေးလာသောမနက်ခင်း၏လေနုအေးသည် Shikiyo မျက်နှာကိုအပြေးကလေးနမ်းလိုက်သလို နူးညံ့စွာထိတွေ့လိုက်လေသည်။ Shi တစ်ယောက် ကျွန်းရောင်ထနေသော ကနုတ်ပန်းများထိုးထားသည့်သစ်သားဘောင်တံခါးကို အသံမမြည်အောင်ညင်သာစွာဖွင့်လိုက်ပြီး အပြင်သို့ကြည့်လိုက်တော့ ကြွေကျလာသည့် ပန်းရောင်လွင့်လွင့်ချယ်ရီပန်းကလေးများက မြင်ရသူအဖို့အသက်ရှုပင်မှားစေလောက်သည့် အလှမျိုးကိုပိုင်ဆိုင်ထားသည်။ ကြွေကျလာသည့် ချယ်ရီပွင့်ဖတ်လေးများကို Shi လက်ကလေးနှင့်ခံနေရင်းအနံသင်းသင်းလေးတစ်ချို့ကြောင့် ပါးလွှာစိုထွေးသောနှုတ်ခမ်းရဲကလေးကို ကွေးညွတ်တက်သွားသည်အထိပြုံးမိလိုက်သည်။ ထို့နောက် ငြင်သာစွာတိုက်ခတ်နေသော နှင်းစက်နှင်းမှုန်ကလေးများရောယှက်နေသည့် လေပြေလေး
မှာ Shi ဆံစများကိုပြေးဝင်တိုက်ခတ်သွား သောကြောင့်နက်မှောင်ကာပိတုန်းရောင်ထပြီး ခါးထိရှည်သောဆံနွယ်ပျော့များမှာ လေအသင့်တိုင်းတွင် ယိမ်းထိုးလှုပ်ရှားနေသည်။

ပျော့ပျောင်းသည့်ဆံနွယ်ရှည်များက ပါးပြင်ကိုရိုက်ခတ်နေပြီး နက်မှောင်သောမျက်တောင်ထူများနှင့် မျက်ဆံနက်နက်၊ ဖြောင့်တန်းသောနှာတံ နှင့် ခပ်ပါးပါး နှုတ်ခမ်းရဲလေးမှာ Shikiyo မျက်နှာကို ပိုမိုခန့်ငြားစေသည့်အသွင်ဆောင်ပေးနေသည်။ မြေပြင်ဆီထိုးဆင်းကြွေကျလာသော ပွင့်ဖတ်လေးများကို လက်ထဲတွင်ခံထားမိသောကြောင့် တစ်ခဏအကြာတွင် Shikiyo လက်ပေါ်တွင် ချယ်ရီပန်းပွင့်လေးများပြုံတိုးလို့လာသည်။

သိမ်မွေ့နူးညံ့သည့် ပန်းပွင့်ဖတ်ကလေးများမှာ လူ့အသက်ကိုနှုတ်သည့်ဓားအိမ်ကိုခါးကြားထိုးထားသော သူလိုလူနှင့်မထိုက်တန်ဟုတွေးမိနေရင်းနှင့်ပင် ထိုပွင့်ဖတ်ကလေးများနှင့် ထိုက်တန်သူဟု သူသတ်မှတ်ထားသောသူကိုတစ်ချက်လှည့်ကြည့်လိုက်သည်။

ရွှေဝါရောင်ပိုးသားအောက်ခံတွင် လက်ရာမြောက်သော အနီရောင်နဂါးရုပ်များအပြည့်ပါသော စောင်ထူထူထဲမြုပ်နေသယောင်ရှိနေပြီး ပိုးသားမွေ့ယာပေါ်တွင် နှစ်ခြိုက်စွာအိပ်မောကျနေသော Yin နိုင်ငံ၏ ဒုတိယမြောက်မင်းသား Chiyoko ဆီသို့သူ့အကြည့်များရောက်ရှိသွားပြီးချိန်တွင်တော့ Shi သည် ထိုအကြည့်များကို အခြားဘယ်နေရာကိုမှလွှဲမထားနိုင်တော့ပဲ Chiyoko ဆီတစ်လှမ်းခြင်းလျှောက်သွားမိသည်။ Chiyoko ဘေးတွင်ဖြည်းညင်းစွာထိုင်လိုက်မိတော့ တော်ဝင်မျိုးနွယ်များသာသုံးရသော အမွှေးနံ့သာတစ်ချို့နှင့်အတူ Chikoyo ၏ ကိုယ်သင်းနံ့ခပ်ဖျော့ဖျော့လေးက သူ့နှာခေါင်းထဲသို့တိုးဝှေ့လာသေးသည်။ သူ့လက်ထဲမှ ချယ်ရီပွင့်ဖတ်ကလေးများကို Chiyoko နှင့်အနီးဆုံးနေရာတွင်နေရာယူစေလိုက်ပြီး သူကတော့အသက်ရှုဖို့ပင်သတိမရလောက်အောင် အိပ်မောကျနေသော Chiyoko ကို ကြည့်နေမိသည်။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now