Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 34
ကျူးကျော်ဝင်ရောက်သူတစ်ဦးက နန်းတော်ထဲတွင် ဓားတစ်ချောင်းကိုင်ပြီးရန်မူပါက ရဲမက်တို့က ဟန့်တားပါလိမ့်မည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ဓားတစ်ချောင်းဆွဲကိုင်ပြီး နန်းတော်ထဲလျောက်လှမ်းနေခြင်းကိုတော့ မည်သူကများ တားဝံ့ပါမည်နည်း။
Chiyo သည် ဓားရှည်ကိုကိုင်ကာ နန်းဆောင်တစ်ခုစီသို့ ဦးတည်ပြီးလျောက်လှမ်းနေသည်။ ချုပ်တည်းထား၍မရသော သူ့ဒေါသတို့ကို အကောင်အထည်ဖော်ရန်အလို့ငှာ သူသည် ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိ၏။ သွေးဆာနေသည့်ဓားသွားသည် နေရောင်အောက်တွင် တဖိတ်ဖိတ်ထလျက်ရှိ၏။ Chiyo မျက်လုံးများသည် သွေးရောင်တို့ခြောက်ကပ် ကြောက်မက်ဖွယ်အတိပြီးသည်။ ဒေါသတကြီးနှင့် သတ်ဖြတ်လိုသည့်စိတ်များပြင်းပြနေသည့် ဘုရင်မင်းမြတ်ကိုမြင်သောအခါ အချို့ကကြောက်ကြ၏။ အချို့က ဘုရင်မင်းမြတ် ရူးသွပ်သွားပြီဟုထင်ကြသည်။ သို့သော် မည်သူမျှအနားမကပ်ဝံ့ဘဲ အဝေးကသာပုန်း၍ခို၍ကြည့်နေကြလေသည်။
Rumi စံမြန်းရာအဆောင်ဆီသို့ရောက်ရှိသောအခါ Chiyo သည်မာကြောခတ်ထန်သော မျက်ဝန်းနီတို့ဖြင့် အဆောင်တွင်းသို့ စူးစိုက်ကြည့်လိုက်သည်။ သူ၏ကိုယ်တွင်း၌လောင်ကျွမ်းနေသော ဒေါသမီးအဟုန်မှာ စက္ကန့်နှင့်အမျှတိုး၍သာလာလေသည်။
"ဝုန်းးး.........."
အသံကျယ်ကြီးနှင့်အတူ ကျိုးပဲ့ကြေမွသွားသော တံခါးကိုလှမ်းကြည့်လိုက်ပြီးနောက် Rumi ၏မျက်ခုံးသွယ်တို့သည် တောင်တန်းများလို တွန့်ခေါက်မြင့်တက်သွားသည်။ သို့သော် သူမ၏မျက်နှာတွင်ကြောက်လန့်ခြင်း တစ်စုံတစ်ရာမရှိ။ မျှော်လင့်ထားခဲ့ပြီးသော ပုံစံကိုမြင်လိုက်ရသလို မျက်နှာတွင် မထီမဲ့မြင်အပြုံးတစ်ခုပင်ပေါ်လာသေး၏။
သို့သော် Chiyo မျက်နှာကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမသည် ထိတ်လန့်ကြောက်ရွံ့ချင်ယောင်ဆောင်လိုက်သည်။ ပျော့ပျောင်းအားနွဲ့သော မိန်းမသားတစ်ဦး၏အသွင်အပြင်ကို သူမမျက်နှာတွင် တပ်ဆင်လိုက်ကာ Chiyo အား ကြောက်လန့်ကြီးစွာ ကြည့်လိုက်၏။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...