Page 208-212
Page-208
အခန်း (၁၁)
ညမှောင်လာတော့ ဖုန်းကျို အဝတ်အစားအပြည့်နဲ့ အိပ်ရာစောစောဝင်ခဲ့တယ်။ ဒီည Chen Ye သူ့ကိုယ်သူညှင်းပန်းနှိပ်စက်နေလောက်တယ်ဆိုပြီး စိတ်ထဲမှာခံစားနေရတာကြောင့် အိမ်တော်ထိန်းအဘိုး သတင်းတချို့နဲ့ပြန်ရောက်လာဖို့အရေးကိုပဲ ဖင်တကြွကြွစောင့်မျှော်နေမိတယ်။
သို့သော် သူမစောင့်နေတာ နာရီဝက်ကျော်သွားတဲ့အထိ အိမ်တော်ထိန်းအဘိုးရဲ့အသံကိုရော၊ မျက်နှာကိုရော မမြင်ရသေးဘူး။ တဖြည်းဖြည်းမြင့်တက်လာတဲ့ စိုးရိမ်မှုတွေက သူမကိုဖိနပ်စီးပြီး Mengchun အဆောင်ဆီ တိတ်တိတ်လေးသွားချောင်းကြည့်ဖို့အကြံဖြစ်စေခဲ့တယ်။ သူမ အရမ်းတွေးပူနေသလိုများဖြစ်နေလားဆိုပြီး သူမကိုယ်သူမ သက်ပြင်းချမိတယ်။ သူမနေရာမှာ Aranya ဆိုရင်တောင် ဒီလိုမျိုးအချိန်မှာ သူမလောက်ထိဗျာများနေမှာမဟုတ်ဘူး။
သက်ပြင်းချကာတွေးနေလျက်က ရုတ်တရက် ပြတင်းတံခါးအပြင်ဆီကနေ ငှက်ကလေးများရဲ့ တကျာကျာမြည်သံတွေကို ကြားလိုက်ရတယ်။ သူမအိမ်တော်ထဲမှာ ငှက်တစ်ကောင်မှမွေးမထားပါဘူး။ ခုလို ငှက်ကလေးတွေရဲ့တေးသီသံကိုကြားရတာ တကယ်ထူးဆန်းတယ်။ သူမတံခါးတွန်းဖွင့်ပြီး အပြင်ကိုကြည့်လိုက်တယ်။
သူမဘဝမှာ ဒီလောက်ထိအံ့အားသင့်သွားတာမျိုး တစ်ခါမှမရှိခဲ့ဖူးဘူးလို့တောင် ဖုန်းကျိုထင်မိလေရဲ့။
Aranya က သဘာဝရှုခင်းတွေကိုပဲ သဘောကျလေ့ရှိတာမို့ အိမ်တော်ခြံဝန်းထဲက တွေ့ရမြင်ရသမျှမြင်ကွင်းတွေအားလုံးက ရိုးရှင်းတယ်လေ။ သူမနေနေတဲ့အဆောင်ရဲ့ပုံစံကတောင် တော်တော်လေးသာမာန်ဆန်တယ်။ သူမထင်တယ် ဒီအဆောင်တစ်ခုလုံးမှာ အထူးခြားဆုံးနေရာဆိုလို့ ခြံဝန်းအလယ်တည့်တည့်က ရောယှက်ထောင်တက်နေတဲ့အမြစ်တွေနဲ့ ထီးထီးမားမားပေါက်နေတဲ့ အပင်အိုကြီးပဲဖြစ်လိမ့်မယ်။ နေသာတဲ့နေ့ခင်းနေ့လယ်အချိန်တွေမှာဆိုရင် အရိပ်ခိုကာလေညှင်းခံလို့ကောင်းတဲ့နေရာတစ်ခုပေါ့။
ဒါပေမယ့်ခုတော့ လမင်းကြီးထိန်ထိန်သာနေတဲ့ ကောင်းကင်အောက်မှာ ပန်းပင်လယ်ကြီးအလား လေထဲမှာပျံ့လွင့်နေကြတဲ့ Fuling ပန်းကုံးလေးတွေကိုမြင်နေရတယ်။ ခန္ဓာကိုယ်ကအလင်းရောင်ထွက်တဲ့ ငှက်မျိုးစိတ်ငှက်လေးတွေဟာ ပန်းပင်လယ်ကြီးအတွင်းမှာ ဟိုဟိုဒီဒီပျံသန်းနေကြတယ်။ မြေပြင်ပေါ်မှာတော့ အဖြူရောင်ပန်းကောဇောကြီးခင်းထားသည့်နှယ် နှင်းလိုဖြူဖွေးနေတဲ့ပန်းပွင့်လေးတွေ ပျံ့ကြဲလို့နေတယ်။ ပန်းကော်ဇောကြီးရဲ့အပေါ်မှာလဲ အပြာရောင်အသွေးရှိတဲ့ ညပန်းပွင့်လေးတွေက ငှားငှားစွင့်စွင့်ပွင့်လန်းနေကြပြန်တယ်။ မသိရင် လေထဲမှာဗောလောမျှောနေတဲ့ ညမီးအိမ်လေးတွေကျနေတာပဲ။